ဆမားဇုံနယ် ဂျာပူကျေးရွာဒေသခံများ မိမိနေရပ်ဆီပြန်နိုင်ဖို့ ပြင်ဆင်နေ

ဆမားဇုံနယ် ဂျာပူကျေးရွာဒေသခံများက စစ်ဘေးကြောင့် ထားရစ်ခဲ့ရတဲ့ မိမိဒေသဆီပြန်နိုင်ဖို့ အမည်စာရင်းပေးခြင်း၊ ဘုရားကျောင်းဝင်းသန့်ရှင်းရေးလုပ်ဆောင်ခြင်းများကို ဒီဇင်ဘာ လဆန်းပိုင်းကစပြီး ပြုလုပ်နေပါပြီ။

ယခုလိုဒေသခံများ မိမိနေရပ်ပြန်နိုင်ဖို့ KHCC အဖွဲ့က ဦးဆောင်တာဖြစ်ပြီး ဘုရားကျောင်းတာဝန်ရှိသူများက အကောင်အထည်ဖော်လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆမားဇုံနယ်ရှိ ဒဘတ်ကျေးရွာက ပထမဦးဆုံး မိမိနေရပ်ဆီပြန်လည်အခြေချနိုင်ဖို့ ပြင်ဆင်ခဲ့ကာ ထိုမှတစ်ဆင့်ပြန်မည့်အဖွဲ့ကတော့ ဂါးရာယန်၊ ကဇူး၊ ဂျာပူနဲ့ မလန်ယန်ကျေးရွာများဖြစ်တာကြောင့် လိုအပ်တဲ့အရာများကို ကြိုတင်ပြင်ဆင်ခြင်းဖြစ်တယ်လို့ ဆမားဇုံနယ် ပြန်ကြားရေးတာဝန်ခံ သိက္ခာတော်ရ ဆရာလဘန်နော်လော် ကပြောပါတယ်။

မြို့ကြီးများဆီတွင် သွားရောက်ခိုလှုံနေတဲ့ ဂျာပူဒေသခံအိမ်ထောင်စု (၂၀၀) ဝန်းကျင်ကို စာရင်းကောက်ခံပြီးဖြစ်ကာ နယ်စပ်ဘက်တွင် ခိုလှုံနေသူသော ဖုန်လွန်ယန်၊ ဂျဲယန်၊ ဝှေကြိုင်၊ ပါဂျောင်၊ ရှအစ်ယန်နဲ့ မဂါးယန်ဒေသများတွင် ရောက်ရှိနေတဲ့ ဂျာပူဒေသခံများကိုလည်း စာရင်းကောက်ခံသွားဖို့ရှိပေမယ့် သွားလာရခက်ခဲမှုနဲ့ ရင်ဆိုင်နေရပါတယ်။

လာမည့် ဒီဇင်ဘာ ၂၄ ရက်နေ့မှာတော့ ဂျာပူအသင်းတော်သားများက ဆယ်နှစ်လောက် သူတို့ ချန်ထားရစ်ခဲ့ရတဲ့ မိမိကျေးရွာ၊ ဘုရားကျောင်းဝင်းတွင် ခရစ်စမတ်ပွဲတော်ကို ကျန်းမာရေးဆိုင်ရာလမ်းညွန်ချက်များနဲ့အညီ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကာ ဆမားဇုံနယ်မှာ အသင်းတော် ၂၃ ခုရှိပြီး စစ်ဘေးရှောင်နေကြရတဲ့ အသင်းတော်ကတော့ ၁၈ ခုရှိကာ ဒဘတ်ကျေးရွာနဲ့နမ့်ဆန်ကျေးရွာကတော့ မိမိဒေသတွင် ပြန်လည်အခြေချ နေထိုင်နိုင်ရေးလုပ်ဆောင်နေပါပြီ။

Leave a Reply

*