ဆဒုံးမြို့နယ်ခွဲတွင် ကေအိုင်အေတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီ တိုက်ပွဲဖြစ်ပွားခဲ့

ဇန်နဝါရီလ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲ၊ မံဝိန်းကျေးရွာအုပ်စု နမ်မော်ရန်ကျေးရွာအနီး ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ ၅ တပ်ရင်း ၃ နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက် ဆဒုံးဒေသ ဒိန်ကွမ်ယန်ကျေးရွာကနေ စစ်ကြောင်းထွက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ ၃၈၅, ခလရ ၅၈ တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ် ပူးပေါင်းအဖွဲ့က အင်အား ၆၀ ဝန်းကျင်ဖြင့် နမ်မော်ရန်ဘက် စစ်ကြောင်းထိုးလာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။

တိုက်ပွဲဖြစ်ပွားစဉ် အကြမ်းဖက် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကာ နေ့လည် ၁၀ နာရီခွဲမှာတော့ မန်ဝိန်းကျေးရွာဘက် ပြန်လည်ထွက်ခွာသွားခြင်းကြောင့် တိုက်ပွဲဆက်လက်ဖြစ်ပွားနိုင်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောဆိုပါတယ်။

ယခင်အချိန်များတွင်လည်း အဆိုပါဒေသတဝိုက် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ရေးလှုပ်ရှား စစ်ကြောင်းထိုးမှုတွေ ပြုလုပ်လာခြင်းကြောင့် ဆဒုံးနဲ့ ကန်ပိုက်တီလမ်းတွင် ကေအိုင်အေတပ်နဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေလည်း ရှိခဲ့တာဖြစ်ပါတဘ်။

အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀၂၃ ခုနှစ်တွင်လည်း တိုက်ပွဲများ ရပ်စဲထားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပေမယ့် ကချင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းဒေသ နယ်မြေများရှိ ကေအိုင်အေနယ်မြေတဝိုက် စစ်အင်အား၊ လက်နက်အင်အားဖြည့်တင်းမှုတွေနဲ့အတူ စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှုတွေကလည်း ဆက်လက်ရှိနေသေးတာကြောင့် တိုက်ပွဲများ ဖြစ်ပွားနေအုံးမှာဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

Leave a Reply

*