ဆဒုံမြို့နယ်အတွင်း COVID-19 ရောဂါ ကာကွယ်နိုမ်နင်းတားဆီးသောအနေဖြင့် အောက်တိုဘာလ (၁၆) ရက်နေ့ကစတင်ပြီး အသွားအလားကန့်သတ်လိုက်ကြောင်း ဆဒုံ ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့မှ ကြေညာထားကြောင်း သိရှိရပါတယ်။
COVID-19 ရောဂါကူးစက်နှုန်း နေရာအနှံ့ကိုပျံ့နှံ့ဆဲ ဖြစ်တာကြောင့် ရှမူကုန်းစစ်ဆေးရေးဂိတ်ပြင်ပမှ ဒေသအတွင်းသို့ ဝင်လာသူအားလုံးကို အောက်တိုဘာလ (၁၆)ရက် မှ အောက်တိုဘာလ(၃၁)ရက်နေ့အထိ ရက်ပေါင်း(၁၆)ရက်အထိ အသွားအလာကန့်သတ်ထားမှာဖြစ်ပါတယ်။
အသွားအလာကန့်သတ်ခြင်းတွင် ကား၊ ဆိုင်ကယ်နဲ့ ကုန်ကားများကအစ ကန့်သတ်ထားမှာဖြစ်ပြီး အသွားအလာကန့်သတ်ရက်ကို ရောဂါပျံ့နှံ့နှုန်း အခြေနေပေါ်မူတည်ပြီး ပြောင်းလဲသတ်မှတ်သွားဖို့ ရှိနေပါတယ်။
” လွန်ခဲ့တဲ့ဆယ်ရက်လောက်က ဝိုင်းမော်မြို့မှာ COVID-19 ရောဂါပိုးရှိသူ တွေ့တယ်၊ ကျွန်တော်တို့နဲ့ အနီးဆုံးနေရာမှာတွေ့တော့ ဒီလို အသွားအလာကန့်သတ်လိုက်ခြင်း ဖြစ်ပါတယ်” လို့ ဒေသခံလူကြီးတယောက်ကဆိုပါတယ်။
ဆဒုံမြို့နယ်အတွင်း အောက်တိုဘာလ၁၆ရက် အစောပိုင်း ဝင်ထွက်သွားလာခဲ့သောဒေသခံများကို ကျန်းမာရေးစောင့်ကြည့်မှုများပြုလုပ်ထားပြီး ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးအတွက် စဉ်ဆက်မပြတ်လုပ်ဆောင်နေကာ ယခုအခါတွင် ကျန်းမာရေးစောင့်ကြည့်ခံသူ (၁၇) ဦး ရှိကြောင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်နှိမ်နှင်းရေးကော်မတီထံကနေ သိရှိရပါတယ်။