အရပ်သားအစိုးရကနေ စစ်တပ် အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ပြီး ကုန်စည်စီးဆင်းမှုထိုးရပ်သွားတာကြောင့် အကျိုးသက်ရောက်မှုအနေဖြင့် စားနပ်ရိက္ခာနဲ့လောင်စာဆီဈေးနှုန်းများ မြင့်တက်လာမှု တွေ့မြင်နေရတယ်လို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မတ်လ ၁၆ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။

ကနဦးစောင့်ကြည့်လေ့လာချက်အရ မြို့ပြဒေသအချို့တွင် စားနပ်ရိက္ခာဈေးနှုန်းမြင့်တက်နေတာကို တွေ့မြင်နေရကာ နိုင်ငံတဝှမ်းမှာ ဆန်ဈေးနှုန်း ၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ကချင်ပြည်နယ်မြို့အချို့၊ ဗန်းမော်နဲ့ပူတာအိုဒေသတွေမှာ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ ဆန်ဈေးမြင့်တက်နေကြောင်း ဖော်ပြထားပါတယ်။
လောင်စာဆီဈေးနှုန်းကလည်း စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၁၅ ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကာ ထိုအရာက စားနပ်ရိက္ခာဈေးနှုန်း ထပ်မံမြင့်တက်ဖို့ တွန်းပို့စေတဲ့အရာဖြစ်တယ်လို့ ထောက်ပြထားပါတယ်။
ယခုလို စားသောက်ကုန်နဲ့လောင်စာဆီဈေးနှုန်းမြင့်လာတာချိန် ဘဏ်လုပ်ငန်းလည်းပတ်မှု ဆိုင်းငံ့ခြင်း၊ ငွေလွှဲပေးပို့မှုနည်းပါးခြင်းနဲ့ ငွေသားလက်ဝယ် ရရှိနိုင်မှု အကန့်အသတ်များ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာနေခြင်းကလည်း ပိုမိုခက်ခဲစေမည့် အကျပ်အတည်းကိုဆိုက်ရောက်စေနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံများနည်းတူ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စီးပွားရေးကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့နိုင်ငံဖြစ်ကာ ထိုရိုက်ခတ်မှုအပေါ် ထပ်ဆင့်ပြီး ယခုလို ကုန်ဈေးနှုန်းမြင့်မားလာနေခြင်းက အခြေခံလူတန်းစားများအတွက် လုံလောက်စွာစားသုံးနိုင်ဖို့ အင်မတန်ရုန်းကန်ရမည့် အခြေအနေဖြစ်နေတယ်လို့ ပြောဆိုထားပါတယ်။
WFP အနေဖြင့် စစ်ပွဲရှောင်ပြည်သူ ၃၆၀,၀၀၀ ကျော်ကို လစဉ်ထောက်ပံ့နေတာဖြစ်ပြီး ကယ်ဆယ်ရေး စားနပ်ရိက္ခာနှင့် ငွေသားအထောက်အပံ့များ ရပ်တံ့သွားခြင်းမရှိစေရန် ရည်ရွယ်ချက်ဖြင့် အရေးပေါ်အရံစားနပ်ရိက္ခာများကို ဝယ်ယူစုဆောင်းလျက်ရှိကာ ကုန်စည်စီးဆင်းမှုနှောင့်နှေးသွားပါက အဆိုပါအရေးပေါ်အရံစားနပ်ရိက္ခာများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ထုတ်ပြန်လိုက်တဲ့ ဒီအချက်အလက်များကို မြို့နယ်ပေါင်း (၇၀)ကျော်ရှိ ဈေးပေါင်း (၁၀၀) ကျော်နဲ့ မတူညီတဲ့ကုန်သည်များ ဈေးဆိုင်ပေါင်း (၂၅၀) ထံမှ ကောက်ယူစုဆောင်း ဖော်ပြထားတာဖြစ်ပါတယ်။