စာပေနှင့်ယဉ်ကျေးမှုဌာနချုပ်နဲ့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီတို့ တွေ့ဆုံ

လိုင်ဇာမြို့နယ်တွင် တည်ရှိတဲ့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီနဲ့ ကေအိုင်အိုအစိုးရ စာပေနှင့်ယဉ်ကျေးမှုဌာနရှိ တာဝန်ရှိသူများနဲ့ လိုင်ဇာမြို့တွင် ဩဂုတ်လ ၁ ရက်နေ့က တွေ့ဆုံခဲ့ကြပါတယ်။

ယခုလိုတွေ့ဆုံခြင်းက မြို့နယ်အတွင်း လော်ဝေါ် ကော်မတီအဖြစ်ဖွင့်လှစ်ထားနိုင်ပြီဖြစ်တာကြောင့် စာပေနှင့်ယဉ်ကျေးမှုဌာနချုပ်နဲ့လက်တွဲပြီး ရှေ့ဆက်အတူတကွလက်တွဲလုပ်ဆောင်သွားနိုင်ဖို့ ရည်ရွယ်ပြီး တွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။

“ယဉ်ကျေးမှုဆိုတာက လူမျိုးတစ်မျိုးအတွက် အဓိကကျတဲ့အရာပါ၊ ကချင်လူမျိုးတွေအားလုံးဆီမှာလည်း သူ့ယဉ်ကျေးမှုနဲ့ စာပေကိုယ်စီရှိကြတာကြောင့် မြို့နယ်အတွင်း အခုလိုလော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီကို ဖွင့်လှစ်ထားနိုင်ပြီဖြစ်တာကြောင့် ဝမ်းသာတယ်၊ ကချင်လူမျိုးများရဲ့ ယဉ်ကျေးမှုသမိုင်းကြောင်းကိုလည်း ပိုမိုရှာဖွေဖော်ထုတ်သွားနိုင်ကြပါစေ” လို့ စာပေနှင့်ယဉ်ကျေးမှုဌာနချုပ် တာဝန်ခံ ဦးဇော်အောင် ကခွန်အားပေးစကားပြောခဲ့ပါတယ်။

“ကချင်လူမျိုးတွေထဲမှာ မျိုးနွယ်စု ၆ စုရှိတဲ့အထဲက လော်ဝေါ်တွေက မျိုးနွယ်စုတစ်ခုဖြစ်တာနဲ့အညီ မျိုးနွယ်စုတိုင်းက စာပေ ယဉ်ကျေးမှုတွေရှိကြတယ်၊ လိုင်ဇာမှာရှိကြတဲ့ လော်ဝေါ်တွေအနေဖြင့်လည်း ကိုယ့်ရဲ့စကား စာပေကို မသိရှိတာများပြားနေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ စကား စာပေကိုတန်ဖိုးထား အသုံးပြုသွားနိုင်ဖို့ လော်ဝေါ်စကားနဲ့ စာပေကို သိနားလည်ချင်တဲ့ အခြားသောမျိုးနွယ်စုများကိုလည်း သင်ကြားနိုင်ဖို့ နွေရာသီအချိန်မှာ သင်တန်းပေးဖို့အစီအစဉ်ရှိပါတယ်” လို့ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီ ခေါင်းဆောင် ဒူဝါ လကျိင် ဇယ်ခေါင် ကပြောပါတယ်။

လက်ရှိအချိန်တွင် ကချင်လူမျိုးထဲမှာရှိတဲ့ မျိုးနွယ်စုတစ်ခုနဲ့တစ်ခုကြား အတူယဉ်တွဲနေထိုင်သွားနိုင်ဖို့က အင်မတန်လိုအပ်တဲ့အချိန်တစ်ခုလည်း ဖြစ်နေပါတယ်။ လော်ဝေါ်စာပေနှင့်ယဉ်ကျေးမှုကော်မတီကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကာ လွန်ခဲ့သောနှစ်များက လော်ဝေါ်စာပေသင်ကြားခြင်းများပြုလုပ်နိုင်ခဲ့ပေမယ့် ယခုနှစ် ၂၀၂၀ မှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ကလေးများကို ကော်မတီရဲ့ လှုပ်ရှားမှုကို ထိရောက်စွာမပြုလုပ်နိုင်ခဲ့ကာ စာပေသင်ကြားမှုကိုလည်း ရပ်နားခဲ့ရပါတယ်။

Leave a Reply

*