ရှမ်းပြည်နယ် မြောက်ပိုင်း တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို ကိုဗစ်ရောဂါကြောင့် ၅လခန့် တရားဝင်ပိတ်ထားခဲ့ရာမှာ တရုတ်အစိုးရဘက်မှ ခိုင်လုံတဲ့ အကြောင်းတစုံတရာ ထုတ်ပြန်ခဲ့ခြင်းမရှိပဲ ကုန်သွယ်မှုများကို ခြယ်လှယ် ကိုင်တွယ်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်နေ့မှာတော့ ကွန်တိန်နာ ကရိန်းများသုံးပြီး တရက်လျှင် ၅စီးဖြင့် အစမ်းစတင်ဖွင့်လှစ်မည်လို့ စာထုတ်ပြီး တင်ပို့မှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။
တင်ပို့ရာမှာ ကွန်တိန်နာ ကရိန်းများနှင့် တင်ပို့မည်ဖြစ်ကြောင်းလည်းသိရပါတယ်။ ခရီး နီးနီးလေးကို ကုန်ကျစရိတ်အများကြီးနှင့် အချိန်ကုန်ခံပြီး လုပ်ဆောင်ရမှာဖြစ်တာကြောင့် ကုန်သည်များနှင့် အလုပ်သမား တချို့မှာ မလုပ်ချင်ကြကြောင်း သိရပါတယ်။ ကျွမ်းကျင်သူများကလည်း ၎င်းဖြစ်စဉ်မှာ မလိုလားအပ်သော နှောင့်နှေး ကြန့်ကြာမှုတွေဖြစ်စေပြီး ကုန်သွယ်ရေးအတွက် ကြီးမားတဲ့ နစ်နာဆုံးရှုံးမှုများလည်းဖြစ်စေကြောင်း သုံးသပ်နေကြပါတယ်။
ကျင်းစန်းကျော့ဂိတ်မှာလည်း မဲခွဲစနစ်နှင့် တနေ့လျှင် ၅စီးသာ ဝင်ခွင့်ရကြောင်းသိရပါတယ်။ ယခင်က တနေ့လျှင် အစီးရေ ၁၅၀ကနေ ၃၀၀ ကြား ပုံမှန် ဝင်ထွက် လည်ပတ်နေသော နယ်စပ်ဂိတ်တွင် အခုလို တနေ့ ၅စီးသာ ခွင့်ရခြင်းကို ကုန်သည်များက အားမလိုအားမရဖြစ်နေကြကြောင်းလည်းသိရပါတယ်။ တင်ပို့ရာတွင်လည်း ၁၀၅မိုင်မှ ကုန်ကားများကို အရင် ဦးစားပေး တင်ပို့ပြီး ရန်ကုန် မန္တလေး မှ တက်လာသော ကုန်ကားတွေကိုတော့ ၁၆မိုင်မှာ ရပ်ထားခိုင်းပြီး အသီးကားတွေကိုတော့ မူဆယ်တက်ခွင့်ပြုကြောင်း သိရပါတယ်။
ပြည်တော်ပြန်များကို နိုဝင်ဘာ ၁၇၊ ၁၈ ရက်များတွင် ပြန်နိုင်ရန် စီစဉ်ပြီး ကုန်သွယ်ရေးများအတွက် နိုဝင်ဘာ ၂၂ရက်နေ့တွင် စာထုတ်ခဲ့သော်လည်း ၂၆ရက်နေ့မှသာ တရားဝင် တင်ပို့မှုများ ပြုလုပ်ခဲ့ကြောင်းသိရပါတယ်။ နယ်စပ်ဂိတ်များ ပိတ်ထားချိန်တွင် တရုတ်ဖက် အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကို သတ်သေခဲ့သူများ ၆ဦးအထက် ရှိခဲ့တဲ့အပြင် လူထုဆန္ဒပြပွဲများလည်း ရှိခဲ့ကြောင်းလည်း သိရပါတယ်။