မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၇)ဖြင့်ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိုနှိုင်းရေးကော်မတီ FPNCC အနေဖြင့် ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ်မြောက် အစည်းဝေးကို တက်ရောက်ခြင်းပြုလုပ်တော့မှာမဟုတ်ကြောင်း ဩဂုတ်လ ၁၃ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အစည်းအဝေးမတက်ရောက်ခြင်းနဲ့သက်ဆိုင်ပြီး ဝ ပြည်နယ်အထူးဒေသ (၂)၊ ပန်းခမ်းမြို့တော်တွင်ပြုလုပ်တဲ့ အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။ FPNCC ရဲ့ ထုတ်ပြန်ကြေညာချက်ထဲမှာတော့ လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားချိန်ကာလဖြစ်တာကြောင့် တောင်ပေါ်နယ်စပ်ဒေသများတွင် ဆေးဝါးကုသရေးပညာအားနည်းခြင်း၊ ဆေးဝါးကုသမှုစက်ကိရိယာများ မပြည့်စုံခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်း အသွားအလာ ခရီးစဉ်များ စီစဉ်ရာတွင် အခက်အခဲများရင်ဆိုင်နေရခြင်းကြောင့် FPNCC အဖွဲ့ဝင် (၆) ဖွဲ့အနေဖြင့် မတက်ရောက်နိုင်ခြင်းဖြစ်ကြောင်းနှင့် ယခုလို စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံအစည်းအဝေး လုပ်ဆောင်ခြင်းကိုလည်း ဂုဏ်ပြုကြောင်း ထုတ်ပြန်ချက်ထဲမှာ ထည့်သွင်းထားပါတယ်။
စတုတ္ထအကြိမ်မြောက် ၂၁ ရာစုပင်လုံအစည်းအဝေးကို NCA လက်မှတ်ရေးထိုးထားခြင်းမရှိသေးတဲ့ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ (၆) ဖွဲ့ကို ဖိတ်ကြားပေမယ့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရခိုင်တပ်မတော် (ULA/AA) ကို ချန်လှပ်ထားတာကြောင့် FPNCC အနေဖြင့် စိတ်မကောင်းဖြစ်ရကာ ပဋိပက္ခဖြစ်ပွားသည့်အဖွဲ့အစည်းအားလုံး ပါဝင်ဆွေးနွေးမှသာ ယုံကြည်မှုတိုးပွားပြီး ငြိမ်းချမ်းရေးလမ်းစဉ် အကောင်အထည်ဖော် လုပ်ဆောင်နိုင်မှာဖြစ်တယ်လို့ FPNCC ကကြေညာထားပါတယ်။