စစ်အာဏာရှင်စနစ်နဲ့ လူမျိုးကြီးဝါဒကို အမြစ်ပြတ်ချေမှုန်းသွားမှာ ဖြစ်ပြီး ဓမ္မဘက်ရပ်တည်သွားမှာဖြစ်ကြောင်း KIO ပြောဆို

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) တည်ထောင်ခြင်း ၆၁ နှစ်ပြည့်တဲ့ အောက်တိုဘာ ၂၅ ရက် ယနေ့တွင် ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လမှ ပြည်သူပြည်သားများနဲ့ ကေအိုင်အိုတွင် တာဝန်ထမ်းဆောင်နေသူများကို မိန့်ခွန်းတစ်ရပ် ပြောဆိုခဲ့ပါတယ်။

ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ

ကေအိုင်အိုကို ၁၉၆၀ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး မြန်မာအစိုးရ အာဏာရှင်ခေတ်အဆက်ဆက်က ကေအိုင်အို အင်အားချိနှဲ့သွားဖို့ ဖိနှိပ်သွေးခွဲခြင်းများကို အကြိမ်ကြိမ် ကြုံတွေ့ခဲ့ရကာ အသက်ပေါင်းများစွာလည်း ပေးဆပ်ခဲ့ရပြီးဖြစ်ပါတယ်။

ကေအိုင်အိုအနေဖြင့် တော်လှန်ရေးအဖွဲ့ဖြစ်တာနဲ့အညီ နိုင်ငံရေး စစ်ရေး အခင်းအကျင်းနှစ်ရပ်လုံးကို ခုခံတော်လှန်နေပြီး စစ်အာဏာရှင်များရဲ့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်မှုများကို မေ့ပျောက်သွားမှာ မဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လ ကပြောပါတယ်။

“ကချင်လွတ်လပ်ရေးအဖွဲ့အစည်းက လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်တာနဲ့အညီ မြန်မာနိုင်ငံရှိ အာဏာရှင်အစိုးရ ခေတ်အဆက်ဆက်တွင် နိုင်ငံရေး၊ စစ်ရေး စတဲ့အခင်းအကျင်း ၂ ရပ်ဖြင့် ခုခံတော်လှန်နေတာဖြစ်ပါတယ်။ ဒီလိုတော်လှန်ရေးကာလအတွင်း ပြည်သူပြည်သားအများအပြား အသက်ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။ ပြည်သူများက စစ်အာဏာရှင်များရဲ့ သတ်ဖြတ်ခြင်း၊ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း၊ ထောင်ချခံရခြင်းများကို ခံစားခဲ့ရပြီးပါပြီ။ ကျေးရွာတော်တော်များများလည်း မီးရှို့ဖျက်ဆီးခြင်းခံရခြင်း၊ ပိုင်ဆိုင်မှုများကလည်း ပြောပြမတတ်လောက်တဲ့အထိ ဖျက်ဆီးခံရခြင်း၊ လုယက်ခံခဲ့ရခြင်းတွေကို ကျနော်တို့ မမေ့ပျောက်ပါဘူး” ဟု ကေအိုင်အို ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ ကရုပ်သံဖြင့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုထားပါတယ်။

ကချင်ဘာသာစကားဖြင့် ရေးသားထားတဲ့ စာမျက်နှာ ၆ မျက်နှာပါ ကေအိုင်အို တည်ထောင်ခြင်း ၆၁ နှစ်ပြည့် ဥက္ကဌရဲ့ မိန့်ခွန်းတွင် လွတ်လပ်ရေးရပြီးကတည်းက အမြစ်တွယ်နေတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ယနေ့အချိန်တွင် အမြစ်ပျက်မချေမှုန်းနိုင်ခဲ့ပါက အနာဂါတ်တွင် ပိုမိုခက်ခဲသွားမှာဖြစ်ကြောင်းလည်း သတိပေးထားပါတယ်။

“ချစ်ခင်လေးစားရပါသော ပြည်သူအပေါင်းနဲ့ ကေအိုင်အိုတွင် တာဝန်ထမ်းဆောင်နေသူများခင်ဗျာ၊ ကေအိုင်အိုဌာနချုပ် အနေဖြင့် အာဏာရှင်စနစ်ကို အမြစ်ပျက်ချေမှုန်းဖို့ ဆုံးဖြတ်ထားတဲ့ မည့်သည့်အဖွဲ့အစည်းနဲ့မဆို အတူလက်တွဲသွားမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးကတည်းက အမြစ်တွယ်နေတဲ့ ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ယခုအချိန် မချေမှုန်းနိုင်ခဲ့ရင် နောင်ကာလတွင် တော်လှန်ဖို့ ပိုမိုခက်ခဲသွားမှာဖြစ်တယ်ဆိုတာကို အားလုံးသိရှိထားဖို့ လိုအပ်ပါတယ်” ဟု ပြောကြားထားပါတယ်။

ထို့အပြင် ကေအိုင်အိုအနေဖြင့် ဓမ္မဘက်တွင် ရပ်တည်သွားမှာဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ဓမ္မနဲ့ အဓမ္မကို ပြတ်သားစွာရွေးချယ်ကြဖို့ အဓမ္မဘက် ရပ်တည်သူများက အာဏာရှင်စနစ်ကို အားပေးထောက်ခံသူအဖြစ် သတ်မှတ်ကြမှာ ဖြစ်ကြောင်း ပါရှိပါတယ်။

“ယနေ့အချိန်တွင် ကေအိုင်အို အနေဖြင့် ဓမ္မဘက်ရပ်တည်းပြီး အာဏာရှင်စနစ် အမြစ်ပျက်သွားဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ ပြည်သူတွေအနေဖြင့်လည်း ဓမ္မနဲ့ အဓမ္မ ကို ရဲရင့်စွာ ရွေးချယ်ရမှာဖြစ်ပါတယ်။ အဓမ္မဘက် ရပ်တည်သူတွေက အာဏာရှင်စနစ်ကို ကြိုဆိုထောက်ခံနေကြောင်း သတ်မှတ်ခံရမှာဖြစ်ပါတယ်။”

မဆလ၊ နဝတ၊ နအဖ စစ်အာဏာရှင်အစိုးရလက်ထက်များတွင် ဗမာလူမျိုးကြီးဝါဒကို အစီအမံတကျ ပေါ်ပေါ်ထင်ထင် အကောင်အထည်ဖော်လုပ်ဆောင်ခဲ့တာကြောင့် ဌာနေတိုင်းရင်းသားပြည်သူများက မြေယာ၊ စာပေနဲ့ ရိုးရာယဉ်ကျေးမှု၊ ဘာသာစကား ရှုပ်ထွေးသွားခြင်းတွေ၊ စီးပွားရေး ဆုတ်ယုတ်မှုတွေ၊ အုပ်ချုပ်ရေးလက်လွဲလိုက်ရမှုတွေနဲ့ အခြားသော ပြဿနာရင်းမြစ်များစွာကို ဌာနေပြည်သူများက ခံစားခဲ့ကြရကြောင်း ထည့်သွင်းပြောဆိုထားပါတယ်။

Leave a Reply

*