ဖားကန့်မြို့ အေးမြသာယာရပ်ကွက်မှာ အာဏာသိမ်းစစ်တပ်ကို ကန့်ကွက်ဆန့်ကျင် သပိတ်မှောက်နေကြတဲ့ အေးမြသာယာသပိတ်စစ်ကြောင်းကို ယနေ့မနက်ပိုင်းက စစ်ကောင်းစီရဲ့ လုံခြုံရေးအဖွဲ့များက ကျည်အစစ်၊ ရာဘာကျည်၊ မျက်ရည်ယိုဗုံးတွေနဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် အမျိုးသား ၂ ဦးနဲ့ အမျိုးသမီးတစ်ဦး ဖမ်းဆီးခံလိုက်ရကာ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းတွင် ရာဘာကျည်ထိမှန်ခဲ့ရပါတယ်။

စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုအနေဖြင့် လက်ရှိအချိန်တွင် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ကြတဲ့ ပြည်သူလူထုကို ကျည်အစစ် လက်နက်အပြည့်အစုံဖြင့် စနစ်တကျအကြမ်းဖက်ဖြိုခွင်းမှုတွေ နိုင်ငံတဝှမ်း နေရာအသီးသီးမှာ ပြုလုပ်လာကာ သပိတ်စစ်ကြောင်း စတင်ဖို့အတွက်ပင် အခွင့်မပေး ဖြိုခွင်းနေတာပါ။
ယခုလို အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မြစ်ကြီးနားမြို့တွင် ပြည်သူ ၂ ဦးသေဆုံးခဲ့ရပြီးဖြစ်သလို ထိခိုက်ဒဏ်ရာရသူများကလည်း များစွာရှိနေပြီး တနိုင်ငံလုံးအတိုင်းအတာမှာတော့ ပြည်သူ ၈၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ကာ ၂၀၀၀ကျော်ဖမ်းဆီးခံထားပါတယ်။
ဒါ့အပြင် တဖက်တွင်လည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်တဲ့ နိုင်ငံဝန်ထမ်းများကို ဝန်ထမ်းတန်းလျားကနေ မောင်းထုတ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အလုပ်ထုတ်ပယ်ခြင်းများကို ပီပီပြင်ပြင်လုပ်ဆောင်နေတာကို တွေ့မြင်နေရပေမယ့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် လှုပ်ရှားမှုကို ဆက်တိုက်လုပ်ဆောင်နေပြီး ပြည်သူတစ်ရပ်လုံးကလည်း စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းဖို့ နည်းမျိုးစုံဖြင့်ဆန္ဒထုတ်ဖော် သပိတ်မှောက်နေကြဆဲဖြစ်ပါတယ်။