ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၁၁) နယ်မြေ လွယ်ခေါကျေးရွာ (၁၈) မိုင်ကုန်းတွင် နိုဝင်ဘာ ၁ ရက်နေ့ နေ့လည် ၁၁ နာရီခန့်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

မြစ်ကြီးနား-နမ္မတီးလမ်းပိုင်း (၂၁) မိုင် စုပေါင်းဂိတ်တွင် စောင့်ကြပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ဂျူတီချိန်းဖို့ လာရောက်တဲ့ အဖွဲ့ကို ကေအိုင်အေဘက်မှ စောင့်ကြိုတိုက်ခိုက်လိုက်ပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဖြစ်ပွားမှုအပြီးမှာတော့ စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက် လက်နက်ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ထို့အပြင် ယနေ့မနက် ၈ နာရီခွဲခန့်တွင် ကချင်ပြည်နယ်ဘက် တပ်အင်အားဖြည့်ဖို့လာရောက်နေတဲ့ စစ်ကောင်စီရဲ့ တပ်မ (၈၈) စစ်ယဉ်တန်းအုပ်စုကို ကသာမြို့နယ် မိုးသားကျေးရွာအနီးတွင် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းလည်း သိရပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်က တပ်အင်အားဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မကြာခဏတိုက်ပွဲဖြစ်ပွားနေကာ နိုဝင်ဘာ ၁ ရက် ယနေ့မနက် ၇ နာရီခန့်မှာတော့ ဖိုင်းကောင်းကျေးရွာဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကိုးကန့်တပ်မတော် (MNDAA) တို နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။