စစ်အင်အားတိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို မံစီမြို့နယ်တွင် ကေအိုင်အေ တိုက်ခိုက် စစ်ကြောင်းရပ်တန့်

မံစီမြို့နယ်၊ လိုင်ကာဇွပ်ဂျာကျေးရွာအထက်ပိုင်းတွင် ယနေ့ ဧပြီ ၆ ရက် နေ့လည် ၁၁ နာရီခန့်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၇) ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် တပ်မ (၈၈)၊ တကခ (၁၅)၊ ခလရ (၁၂၁) ပူးပေါင်းထားတဲ့ အင်အား ၂၀၀ ဝန်းကျင်ရှိ စစ်ကြောင်းက မုန်းခေါင် တပ်စခန်းကနေ စစ်ယာဉ် ၄ စီးဖြင့် မဂျီကုန်း တပ်စခန်းဘက် စစ်အင်အားတိုးချဲ့၊ လက်နက်ခဲယမ်းဖြည့်တင်းမှုနဲ့ ရိက္ခာများသယ်ဆောင်လာစဉ် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

တိုက်ပွဲဖြစ်ပွားမှုရှိလာချိန်မှာတော့ ရိက္ခာများတင်ဆောင်ထားတဲ့ စစ်ယာဉ်တစ်စီးက မုန်းခေါင်တပ်စခန်းဘက် ပြန်လည်ဆုတ်ခွာသွားခဲ့ကာ ကျန်သုံးစီးကတော့ ရွာထိပ်တွင် ရပ်တန့်နေခဲ့ကြောင်းလည်း သိရပါတယ်။

ကေအိုင်အေ တပ်မဟာ (၂) ဒေသ တနိုင်း-လီဒိုလမ်းပိုင်းရှိိ လဝါးနဲ့ ဒွမ်ဘုန်းကျေးရွာကြားတွင် ယမန်နေ့ နေ့လည် ၁၂ ရာခွဲတွင် တပ်အပြောင်းအလဲပြုလုပ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၁၃၈) တပ်မှ အင်အား ၆၀ ဝန်းကျင်ဖြင့် ချီတက်လာစဉ် ကေအိုင်အေ တပ်ရင်း ၂၀နဲ့  KPDF ပူးပေါင်းတပ်မှ ၂ ကြိမ်တိုင် ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းက မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးထိခိုက်မှုတွေ ရှိခဲ့တာကြောင့် အနီးဝန်းကျင်ရှိ ဒေသခံများရှိရာကျေးရွာများအထိ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှု ပြုလုပ်ခဲ့တာကြောင့် ဒေသခံများက စိုးရိမ်ခဲ့ကြရပါတယ်။

Leave a Reply

*