စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်ကို သုံးနေရာ ကေအိုင်အေ ကြားဖြတ်တိုက်ခိုက

ကချင်ပြည်နယ် ဒေါ့ဖုန်းယန်မြို့ လမ်းပိုင်းတွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့ မနက် ၆ နာရီအချိန်တွင် အာဏာသိမ်းစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၁၉) တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ပုံဟောင်းအသုံးပြုထားသည်။

အာဏာသိမ်းစစ်တပ်အုပ်စုမှ ဗန်းမော်မြို့ကနေ ဒေါ့ဖုန်းယန်မြို့ဘက် စစ်သည်အင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ တင်ဆောင်လာတဲ့ စစ်ယာဉ်တန်းကို ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်မှုလုပ်ဆောင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ယနေ့မနက် ၁၀ နာရီဝန်းကျင်တွင်လည်း နွမ်လန်းအထက်ပိုင်း မကျန်ခေါင်တွင် ဖြတ်သန်းလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များကို ကချင်လွတ်လပ်ရေးတပ်မတော်မှ မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တဲ့အပြင် ၁၁ နာရီခန့်မှာတော့ လဂျားယန်နဲ့ နားလုံကြားတွင် စစ်ယာဉ်တန်းဖြင့် စစ်ရေးလှုပ်ရှားလာ စစ်ကောင်စီတပ်များကို ကြားဖြတ်ခုခံတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။

မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်မှ လွန်ခဲ့သော သုံးရက်ကစတင်ပြီး ဒေါ့ဖုန်းယန်၊ နားလုံ၊ လဂျားယန်တဝိုက် လုံခြုံရေးများရယူကာ စစ်အင်အားတိုးချဲ့ ဖြည့်တင်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေကြောင်း ကေအိုင်အေ ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ အာဏာသိမ်းစစ်တပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုတွေက မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် နေ့စဉ်နေ့တိုင်းလိုလို ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားမှုတွေရှိနေကာ စစ်ကောင်စီအနေဖြင့်လည်း ကေအိုင်အေ ရှေ့တန်းစခန်းနဲ့အနီးဆုံးနေရာများတွင် စစ်အင်အား လက်နက်အင်အားများတိုးချဲ့မှုတွေကို အမြဲလိုလိုလုပ်ဆောင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲများ ဆက်လက်ရှိနေအုံးမှာဖြစ်ကြောင်း သုံးသပ်ထားကြပါတယ်။

Leave a Reply

*