ပူတာအိုမြို့နယ် လုံရှာယန်ကျေးရွာနဲ့ ဂါဒတ်ဂါကျေးရွာကြား ဩဂုတ်လ ၂၆ ရက် ညနေပိုင်း ၄ နာရီခန့်တွင် တန်ဂျာကျေးရွာကနေ ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ခလရ ၁၃၈ နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၁) တပ်ရင်း ၇ တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၁၀ ဦးခန့် ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

အာဏာသိမ်းစစ်တပ်အုပ်စုက ပြည်သူလူထုကို အကာအကွယ်ယူကာ ကျေးရွာရှိနေအိမ်များတွင် တပ်စွဲထားတဲ့အပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း လုပ်ဆောင်နေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တိုက်ခိုက်မှုလုပ်ဆောင်ကာ ၁ နာရီနီးပါး နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပါတယ်။
လက်ရှိအချိန်တွင် တန်ဂျာကျေးရွာပြည်သူ ၄၀၀ ကျော် ဘေးလွတ်ရာလုံရှာယန်ကျေးရွာဘက် ထွက်ပြေးတိမ်းရှောင်နေကြရကာ ဖုန်းလိုင်းပျက်တောက်မှုတွေလည်း ရှိနေပြီး အာဏာသိမ်းစစ်တပ်က တပ်အင်အားအများအပြားလည်း တိုးချဲ့နေပါတာကြောင့် တိုက်ပွဲများ ဆက်ဖြစ်ပွားနိုင်ခြင်းကြောင့် ဒေသခံများ နေရပ်ပြန်ဖို့ မဖြစ်နိုင်သေးဘဲ ဖြစ်နေပါတယ်။
ယမန်နေ့က စစ်ကား ၄ စီးဖြင့် ရွှေဘိုကနေ ကောလင်းမြို့နယ် သရက်ကုန်းဘက် စစ်အင်အားတိုးချဲ့လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ စစ်ယာဉ်တန်းကို ကော်လင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်လိုက်ကာ စစ်ကောင်စီဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးမှု ရှိခဲ့ကြောင်း ခိုင်လုံတဲ့သတင်းရင်းမြစ်က ပြောပါတယ်။
မိုးမောက်မြို့နယ် ရှန်ထုန်တောင်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်က ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် ကေအိုင်အေ တပ်ရင်း ၃၀ နယ်မြေ ဘွမ်လန်းတပ်စခန်းဘက် ၈၁-မမ လက်နက်ကြီးဖြင့် ၂ ကြိမ် ရမ်းသမ်းပစ်ခတ်မှုလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီအုပ်စုက ဖားကန့်မြို့နယ်ဘက် စစ်အင်အားအလုံးအရင်း တိုးချဲ့မှုကို ဩဂုတ်လ ၁၉ ရက်နေ့က လုပ်ဆောင်ခဲ့ကာ ၂၀ ရက်နေ့မှာတော့ ဖားကန့်မှော်ဒေသတစ်ခုလုံးတွင် အင်တာနက်ပျက်တောက်မှုတွေ ဖြစ်ပွားခဲ့ပြီး ယနေ့အထိ ပြန်လည်ရရှိခြင်းလည်းမရှိသေးသလို ဖားကန့်မြို့ စစ်ဗျူစာမှူးထိုင်ရာ ဗျူဟာကုန်းတွင်လည်း တပ်အင်အားအများအပြားတိုးချဲ့ နေရာယူမှုတွေရှိနေကြောင့် ပြည်သူများက စိုးရိမ်ထိတ်လန့်နေကြရပါတယ်။