စစ်သည်တော်များပြိုင်ပွဲဖြင့် ကချင်တော်လှန်ရေးနေ့ကိုကြိုဆို

ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျရောက်မည့် နှစ် ၆၀ ပြည့်ကချင်တော်လှန်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကချင်လွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၅) တွင် ဖေဖော်ဝါရီ ၄ ရက်နေ့က စစ်မှုထမ်းများတွင် ရှိသင့်ရှိထိုက်တဲ့ စွမ်းရည်မြင့်တင်ခြင်း အခမ်းအနားကိုပြိုင်ပွဲတစ်ခုကို ပြုလုပ်ခဲ့ကြပါတယ်။

စွမ်းရည်ပြိုင်ပွဲမှာ တပ်မဟာ ၅ အတွင်းရှိ တပ်ရင်းတစ်ခုကို စစ်သည်နှစ်ဦးဖြင့် စစ်သည်များရဲ့လက်နက်၊ အသုံးအဆောင်များ စုစုပေါင်း ၁၀ ပိဿာမျှရှိတဲ့ စစ်အသုံးအဆောင်များထမ်းဆောင်ပြီး လမ်းလျှောက်စေကာ နှစ်ဦးနှစ်ဖက်စိတ်တူကိုယ်တူဖြင့် ရှေ့ဆက်အောင်မြင်မှုပန်းတိုင်အထိ ရောက်ရှိအောင် သွားရောက်နိုင်ဖို့အတွက် ရည်ရွယ်ပြီးပြိုင်စေခဲ့ပါတယ်။

“တော်လှန်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လုပ်ဆောင်တာဖြစ်တယ်၊ တပ်ရင်းတစ်ခုကနေ စစ်သည်နှစ်ဦးအတူတကွပါဝင်စေတယ်၊ ကချင်လွတ်မြောက်ရေးတပ်မတော်စစ်သည်တွေမှာ ရှိသင့်ရှိထိုက်တဲ့စိတ်ဓာတ်ရေးရာ၊ ကျန်းမာသန်စွမ်းခြင်းများကို ပြိုင်ဆိုင်စေတာပါ” လို့ တပ်မဟာ ၅ အားကစားကော်မတီခေါင်းဆောင် ဘရန်နန်ကပြောပါတယ်။

မနက် ၅ နာရီအချိန်တွင် စတင်တဲ့ဒီပြိုင်ပွဲမှာ တပ်ရင်း ၂၅ နေရာကနေ တပ်မဟာ ၅ နေရာအထိ ၃၇ မိုင်ရှိတဲ့အကွာအဝေးကို ၁၀ ပိဿာရှိတဲ့စစ်အသုံးအဆောင်များဖြင့် လမ်းလျှောက်စေကာ တပ်ရင်းအသီးသီးကပါဝင်ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပြီး ဆုရရှိသူများကိုတော့ နှစ် ၆၀ ပြည့်ကချင်တော်လှန်ရေးနေ့မှာချီးမြင့်သွားမှာဖြစ်ပါတယ်။

Leave a Reply

*