စစ်ဘေးရှောင် ၁၁ နှစ်ပြည့် ဝတ်ပြုကိုးကွယ်ခြင်းကို ကေအိုင်အိုထိန်းချုပ်နယ်မြေရှိ စစ်ရှောင်စခန်းများတွင် ယနေ့ ကချင်ဒေသ တကျော့ပြန် စစ်ဖြစ်ပွားခြင်း ၁၁ နှစ်ပြည့်တဲ့ ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါတယ်။
နှစ်စဉ်နှစ်တိုင်း ကချင်ပြည်နယ်အတွင်း အခမ်းအနားအစီအစဉ်များဖြင့် စစ်ဘေးရှောင်ပြည်သူများ ခံစားနေရတဲ့ ဒုက္ခနဲ့အခက်အခဲများကို ပုံစံမျိုးစုံဖြင့် တင်ဆက်ခဲ့ပေမယ့် ယခုနှစ်မှာတော့ မြန်မာစစ်တပ်အာဏာသိမ်းထားတဲ့ အခြေအနေအရပ်ရပ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်နိုင်ခဲ့ခြင်းမရှိကာ အကျဉ်းချုံးဝတ်ပြုဆုတောင်းမှုတွေသာ ပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။
ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ကချင်ဒေသများတွင် မြန်မာစစ်တပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်ကြား ၂၀၁၁ ခုနှစ်က တကျော့ပြန် စစ်ဖြစ်ပွားခြင်းကြောင့် ယနေ့ ၁၁ နှစ်ပြည့်ချိန်ထိ နေရပ်မပြန်နိုင်သေးကာ စစ်ဘေးရှောင်စခန်းများတွင် နေထိုင်နေကြရတဲ့ ပြည်သူက ၁ သိန်းကျော်အထိ ရှိနေသေးသလို မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများရဲ့ နေရပ်ပြန်ရေးကလည်း ဝေဝါးနေဆဲဖြစ်ပါတယ်။
လက်ရှိအချိန်တွင် စစ်ရှောင်ပြည်သူအချို့ကသာ မိမိနေရပ်ပြန်ခွင့်ရရှိပေမယ့် အများစုကတော့ နေရပ်ပြန်ဖို့ လုံခြုံရတဲ့ အခြေအနေရှိမနေတာကြောင့် အခက်ကြုံတွေ့နေရပြီး နေအိမ်သွားရောက် ကြည့်ရှုခြင်းများသာ လုပ်ဆောင်နေကြရတာပါ။
နိုင်ငံတွင်း အထွေထွေအကြပ်အတည်း ဖြစ်လာတာနဲ့အညီ စစ်ဘေးရှောင်ပြည်သူများကို ကူညီနေမှုများကလည်း တစ်နေ့ထက်တစ်နေ့ လျော့နည်းလာကာ ထောက်ပံ့ကူညီမှုတွေ မရှိသလောက်ဖြစ်လာတဲ့ စစ်ရှောင်စခန်းများလည်း ရှိလာပြီး ပြင်ပလုပ်ကိုင်စားသောက်ဖို့လည်း အခွင့်မကြုံတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရပါတယ်။
ကိုဗစ်ဒဏ်နဲ့ အာဏာသိမ်းမှုကြောင့် နိုင်ငံတွင်း မတည်ငြိမ်မှုများက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက် ကချင်ဒေသများရှိ စစ်ရှောင်ပြည်သူများအတွက် အသက်ရှင်နေထိုင်ရေးအတွက် စိုးရိမ်ပူပန်မှုတွေကတော့ မြန်မာပြည်တွင်း စစ်ဘေးရှောင်များ တိုးများလာသလို များပြားလာနေပါတယ်။