ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ လုံးတုံကျေးရွာအနီး ညောင်ပင်တပ်စခန်းတဝိုက် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ ယာဉ်တန်းကို ယနေ့ ဇွန်လ ၄ ရက်နေ့ မနက် ၂ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆) မှ မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း သိရပါတယ်။
ဟွေလုံတပ်စခန်းကနေ ထွက်ခွာလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခမရ (၁၁၆, ၁၁၁) ပူးပေါင်းတပ်က စစ်အင်အား ၁၀၀ ကျော်ဖြင့် ဇွန်လ ၃ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲက ညောင်ပင်တပ်စခန်းတွင် ရောက်ရှိလာတာဖြစ်ပြီး ယနေ့မနက်မှာတော့ ကုန်ကားအသေး ၃ စီးဖြင့် ဆက်လက်ထွက်ခွာလာတာကြောင့် ကေအိုင်အေတပ်မှ ချိန်ကိုက်မိုင်း ၄ ခုဖြင့် တိုက်ခိုက်ခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကာ အသေးစိတ်စာရင်းကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ကာ အဆိုပါစစ်ကြောင်းက လက်ရှိတွင် လုံးတုံတပ်စခန်းတွင် ရောက်ရှိနေကြပါတယ်။
ထို့အပြင် ဖားကန့်မြို့နယ် ဒွန်ဘုန်းကျေးရွာ ချောင်းအနီးတွင်လည်း တနိုင်းဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၈၆) မှ အင်အား ၆၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းကို ကေအိုင်အေ တပ်ရင်း ၂၀ မှ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ကာ စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုတွေ ရှိခဲ့ပါတယ်။