ဝိုင်းမော်မြို့နယ်၊ ဖန်ဒေါင်ကျေးရွာအုပ်စု၊ ဆနီခူးကျေးရွာအနီး တံတားတွင် ယနေ့ အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၇ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၅) တပ်ရင်း (၃) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ခမရ (၅၂၁)တပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ တို့ အင်အား (၅၀) ဝန်းကျင်ဖြင့် ဆနီခူးကျေးရွာဘက်ကနေ ချီဖွေလမ်းအတိုင်း စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ချန်ငေါတံတားထိပ်တွင် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ပြီး နှစ်ဖက် အပြန်အလှန် မိနစ် ၃၀ ကြာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ ၃ ဦးထက်မနည်း သေဆုံးမှုရှိခဲ့ကြောင်း ခိုင်လုံတဲ့သတင်းတွေအရ သိရပါတယ်။
ဝိုင်းမော်မြို့နယ် ဆဒုံး-ကန်ပိုင်တီလမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ စစ်ရေးလှုပ်ရှားမှုတွေ၊ စစ်အင်အားဖြည့်တင်းမှုတွေ ပြုလုပ်လာခြင်းကြောင့် အောက်တိုဘာလပိုင်းတွင်လည်း တိုက်ပွဲ မကြာခဏဆိုသလို ဖြစ်ပွားမှုရှိခဲ့ပြီး
အောက်တိုဘာလ ၉ ရက်နေ့က ဆော့လော်မြို့နယ် ကျီးရှင်ကျေးရွာအနီး ဝိုင်းမော် စစ်ကောင်စီတပ် ခလရ (၅၈) တပ်မှ တပ်သား (၄) ဦးစီးနင်လာကာ စစ်လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ယာဉ်ကို ကေအိုင်အေတပ်မဟာ (၇) တပ်ရင်း (၄၆) မှ ဖမ်းဆီး ရရှိမှု ရှိခဲ့ကာ ကားပေါ်ပါလာသူ ၃ ဦးသေဆုံးခဲ့မှု ရှိခဲ့ပါသေးတယ်။
ဩဂုတ်လ ၂၄ ရက်နေ့တုန်းကလည်း ဝိုင်းမော်မြို့နယ် ဘွမ်တောင်ကားလမ်းပိုင်း ဆနီခူးကျေးရွာအထက်တွင်လည်း KIA, KPDF ပူးပေါင်းတပ်မှ နယ်မြေလုံခြုံရေးလုပ်ဆောင်နေစဉ် မူးယစ်ဆေးဝါးသယ်ဆောင်လာတဲ့ ပန်ဝါဘက်မှ မောင်းနှင်လာတဲ့ ပြည်သူ့စစ်အဖွဲ့ကို ဘိန်းဖြူခွက် (၆၆) ခွက်အပြင် လက်နက်အချို့နဲ့ ဖမ်းဆီးရရှိခဲ့မှု ရှိခဲ့ပါတယ်။