ကချင်ပြည်နယ်တလွှား စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကိုးကန့်တပ်မတော် (MNDAA) ကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဩဂုတ်လ ၂၃ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာတော့ တနိုင်းမြို့နယ်၊ နမ့်ခမ်းကျေးရွာအနီး ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်းစစ်တပ်နဲ့ ကေအိုင်အေ တပ်မဟာ (၂) တပ်ရင်း (၁၄)တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များဖြစ်တဲ့ ခလရ (၇၄)၊ ခမရ (၂၉၇)၊ ခမရ (၃၁၈)တို့ ပူးပေါင်းထားပြီး အင်အားအများအပြားဖြင့် ထိုးစစ်ဆင်လာတဲ့ စစ်တပ်ကို ကေအိုင်အေဘက်မှ ခုခံတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ်ဖတ်ကာမြို့နယ်၊ မန်ဒုံနဲ့ နမ္မတူကြား ပန်လုံလမ်းဆုံတွင် စစ်ရေးလှုပ်ရှားပြီး ရောက်ရှိလာတဲ့ အာဏာသိမ်းစစ်တပ်ကို ကေအိုင်အေ တပ်မဟာ (၄) တပ်ရင်း ၈ အဖွဲ့မှ မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ကြားဖြတ်တိုက်ခိုက်ခံလိုက်ရတာကြောင့် အနီးဝန်းကျင်ဘက် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။
ထို့ပြင် ကေအိုင်အေတပ်မဟာ (၆) တပ်ရင်း (၃၆) အခြေစိုက်တဲ့ ရှမ်းပြည်မြောက်ပိုင်း ဖိုင်ကောင်ကျေးရွာအနီးတွင်လည်း ယနေ့ ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော် (MNDAA) တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ် နေရာတော်တော်များများတွင် အာဏာသိမ်းစစ်ကောင်စီက အင်အားအလုံးအရင်း တိုးချဲ့မှုတွေလုပ်ဆောင်နေသလို၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာများ ဖြည့်တင်းမှုတွေအပြင် စစ်ရေးလှုပ်ရှားမှုတွေလည်း ထပ်တိုးလုပ်ဆောင်နေတာကြောင့် တိုက်ပွဲဖြစ်ပွားမှုတွေကတော့ ဆက်လက်ရှိနေအုံးမှာ ဖြစ်ကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။