အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီတပ်များက ကချင်လွတ်လပ်ရေးတပ်မတော်တည်ရှိရာ နယ်မြေဘက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ခပ်စိပ်စိပ်ပြုလုပ်လာသလို ထိုစဉ်နှစ်ဖက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားမှုတွေလည်း ယခုရက်ပိုင်းအတွင်း ပိုမိုဖြစ်ပွားလာခဲ့ပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၃) တပ်ရင်း (၂၁) နယ်မြေ ဘရန်ဝိုင်ကျေးရွာ ဘွမ်ရောင်ချောင်းတံတားအနီး ဇူလိုင် ၁၉ ရက်နေ့က စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်းစစ်တပ် စကခ (၂၁) ဗျူဟာ (၂) အတွင်းရှိ တပ်ရင်းကို ကေအိုင်အေဘက်မှ ကြားဖြတ်မိုင်းဆွဲတိုက်ပွဲမှု လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရပါတယ်။
ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်စဉ် စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထိုတပ်ရင်းအဖွဲ့က မိုင်းဆွဲခံရအပြီး အနီးဝန်းကျင် လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုပြုလုပ်နေခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့မှာပင် ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၂) နယ်မြေ မုံဂျီဒေသ ဘန်ဒိန်ကျေးရွာဟောင်းတွင် အာဏာသိမ်းစစ်တပ် ခမရ (၁၀၉) နဲ့ ကေအိုင်အေတပ်ကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
စစ်အင်အား (၄၀) ရှိတဲ့ စစ်ကောင်စီတပ်က နန့်မော်ဘက် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေဘက်မှ ကြားဖြတ်ခုခံတိုက်ခိုက်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ကာ ထိုအခါ မုံဂျီဗျူဟာကုန်းရှိ စစ်ကောင်စီတပ်က ၁၀၅-မမ လက်နက်ကြီးဖြင့် ၁၁ ကြိမ် ပစ်ခတ်မှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။