စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ကို KIA ကြားဖြတ်တိုက်ခိုက်

ဖားကန့်မြို့နယ် မော်ရှန်နဲ့ ဆိုင်းအောင်ကျေးရွာအကြား အာဏာသိမ်းစစ်တပ် ခလရ (၄၂)နဲ့ (၁၁၆) တပ်ဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၆) မှ ယနေ့ ဇူလိုင် ၇ ရက်နေ့ မနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ကြားဖြတ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

ပုံ‌ဟောင်းသာဖြစ်သည်။

စစ်ကောင်စီတပ်များက ကေအိုင်အေ တပ်ရင်း (၂၆) ဒေသဖြစ်တဲ့ ကသိုဏ်းတောင်ကနေ ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားလာစဉ် ကေအိုင်အေတပ်ဘက်မှ ကြားဖြတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ကာ အာဏာသိမ်းစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိခဲ့ပေမယ့် အတိအကျစာရင်းကိုတော့ မသိရှိရသေးကြောင်း ရှေ့တန်းစခန်းထံမှ သိရပါတယ်။

ယခင်လတုန်းကလည်း ဖားကန့်ဒေသတွင် ကေအိုင်အေဘက်မှ စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်နိုင်ခဲ့ပြီး စစ်တပ်ဘက်က ၈ ဦးထက်မနည်းသေဆုံးရမှုရှိခဲ့သလို အာဏာသိမ်းစစ်တပ်က အများပြည်သူသုံး ယာဉ်များဖြင့် သွားလာမှုတွေလည်း ရှိခဲ့တာပါ။

ထို့ပြင် ယနေ့မနက် ၈ နာရီခွဲခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၆) တပ်ရင်း (၃၆) တည်ရှိရာ ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုး-ဖောင်ဆိုင်းတွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ် တပ်စခန်းကို ကိုးကန့်တပ်မတော် (MNDAA) တပ်မ (၃၁၁) မှ ဝင်ရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေကြောင်း သိရပါတယ်။

ယမန်နေ့ကလည်း ထိုအာဏာသိမ်းစစ်တပ်တပ်စခန်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် မုံကိုးဒေသ Bang Mwi နဲ့ မန်ယန်ကျေးရွာနှစ်ရွာရှိ ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ ကိုးကန့်တပ်မတော်တို့ကြား တိုက်ပွဲဖြစ်ပွားနေတာလည်း ၃ ရက်နီးပါးရှိနေပြီဖြစ်ကြောင်း သိရပါတယ်။

“လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ် တိုက်ပွဲကတည်းက တော်တော်လေးကို သင်ခန်းစာရရှိထားတာကြောင့် အခုတလောလည်း လက်နက်ကြီးတွေ ကျေးရွာအနီး ခဏခဏကျရောက်ပေါက်ကွဲတော့ ဒေသခံတွေစိုးရိမ်ပြီး မနေထိုင်ရဲတော့ဘူး ဒါ့ကြောင့် တိမ်းရှောင်ကြတာပါ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

Bang Mwi နဲ့ မန်ယန်ကျေးရွာတွင် နေထိုင်သူအများစုက ကချင်လူမျိုးတွေဖြစ်ကြကာ ထိုကျေးရွာနှစ်ရွာတွင် အိမ်ထောင်စု (၁၀၀) ဝန်းကျင်ရှိပြီး လက်ရှိမှာတော့ တရုတ်-မြန်မာနယ်စပ်တွင် တိမ်းရှောင်နေကြပါတယ်။

Leave a Reply

*