ရှမ်းပြည်နယ် မြောက်ပိုင်း၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအနီးတွင် ယမန်နေ့ အောက်တိုဘာ ၆ ရက်နေ့ ညနေပိုင်း ၅ နာရီခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ စစ်ယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံလိုက်ရကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်က လားရှိုးမြို့ကနေ စစ်ယာဉ် ၃၀ စီးဖြင့် စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာများ သယ်ဆောင်ကာ ကွမ်းလုံမြို့ဘက် ထောက်ပို့လာစဉ် KIA, KPDF ပူးပေါင်းတပ်မှ နမ့်စလပ်ကျေးရွာအနီးတွင် ကြားဖြတ်တိုက်ခိုက်ပြီး စစ်ယာဉ် ၂ စီး မီးလောင်ပျက်စီးသွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်အရ သိရပါတယ်။
ကြားဖြတ်တိုက်ခိုက်ခံရတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့တာကြောင့် လက်နက်ကြီးကျည် နမ့်စလပ်ကျေးရွာတွင်း ကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့ပြည်သူတစ်ဦး လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ရကာ ဒေသခံ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လွန်ခဲ့သော စက်တင်ဘာ ၂၈ ရက်နေ့တွင်လည်း ပန်တီးနဲ့ နမ့်တီးကြား စစ်ယာဉ် ၅ စီးဖြင့် ကွမ်းလုံဘက် ထိုးစစ်ဆင်အင်အားဖြည့်တင်းလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ကို ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်ကာ စစ်ယာဉ်အချို့ ပျက်စီးသွားခဲ့ရမှုတွေလည်း ရှိခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်နေ့တုန်းကလည်း ကွတ်ခိုင်မြို့ကနေ ယာဉ် ၂ စီးဖြင့် ထွက်ခွာလာတဲ့ စစ်အင်အား ၂၀ ပါ အကြမ်းဖက် စစ်ကောင်စီတပ် နောင်ဆွေအရောက် တိုက်ခိုက်ခံရကာ ၈ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကာ ယာဉ် ၂ စီး ပျက်စီးသွားခဲ့ကြောင်း သိရပါတယ်။
အောက်တိုဘာလ အစောပိုင်းကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ထိုးစစ်ဆင်လာနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KIA, ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ နေရာတော်တော်များများတွင် ဖြစ်ပွားမှုရှိခဲ့ကာ အကြမ်းဖက် စစ်ကောင်စီတပ်မှ ၂၀ ဦးထက်မနည်း သေဆုံးမှု ရှိခဲ့ပြီး ဒဏ်ရာရရှိသူများပြားခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ကလည်း ထိခိုက်သေဆုံးမှု အချို့ ရှိခဲ့ကြောင်း မြေပြင်သတင်းတွေအရ သိရပါတယ်။