ကချင်စစ်ဘေးရှောင် (၉)နှစ်ပြည့် June 9 အခမ်းအနားကို ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့မှ ဦးစီးပြီး ဇွန်လ ၉ ရက်နေ့မှာ အွန်လိုင်းဖြင့် တိုက်ရိုက်ထုတ်လွင့်သွားမှာ ဖြစ်တယ်လို့ သိရှိရပါသည်။ ဇွန် ၉ အထိမ်းအမှတ်ကို လွန်ခဲ့သောအချိန်တွေက အများပြည်သူများဖြင့်စုဝေးကာ ဝတ်ပြုဆုတောင်းခြင်းများပြုလုပ်ခဲ့ပေမယ့် လက်ရှိမှာတော့ ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့် အွန်လိုင်းကနေ တိုက်ရိုက်ထုတ်လွင့်ခြင်းဖြင့်သာ စီစဉ်ထားရှိကြောင်း သိရသည်။ “ကျတော်တို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ဦးစီးလုပ်ဆောင်မယ့်အစီအစဉ်မှာ စစ်ဘေးရှောင်တွေနဲ့သက်ဆိုင်တဲ့ စကားဝိုင်းဆွေးနွေးမှုနှင့်အတူ ဝတ်ပြုဆုတောင်းခြင်းလုပ်ဆောင်သွားဖို့ စီစဉ်ထားရှိထားပါတယ်” လို့ ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ အတွင်းရေးမှူး ဆရာအင်ခွန်တန်ဂွန်း မှပြောကြားသည်။ စစ်ဘေးရှောင်တွေနဲ့သက်ဆိုင်တဲ့ စကားဝိုင်းဆွေးနွေးမှုကိုတော့ ဇွန်လ ၇ ရက်နေ့ကတည်းက ထုတ်လွင့်ပေးသွားမှာဖြစ်ပြီး ဝတ်ပြုဆုတောင်းတဲ့အစီအစဉ်ကိုတော့ ဇွန်လ ၉ ရက်နေ့ မနက် ၉ နာရီအချိန်တွင် ကချင်အမျိုးသားများအတိုင်ပင်ခံအဖွဲ့ ဖေ့ဘွတ်စာမျက်နှာကနေ တိုက်ရိုက်ထုတ်လွင့်ပေးသွားမှာပဲ ဖြစ်ပါသည်။ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့က ပြန်လည်စတင်ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မီးကြောင့် စစ်ဖြစ်ပွားရာဒေသမှ ပြည်သူများအနေဖြင့် မိမိရဲ့အိမ်ခြံမြေများကို စွန့်ခွာပြီး လုံခြုံမှုရှိတဲ့နေရာများသို့ စစ်ဘေးရှောင်ထွက်ပြေးလာခဲ့တာဟာ လက်ရှိ ၂၀၂၀ ခုနှစ် ဇွန်လမှာတော့ ၉ နှစ်တင်းတင်းပြည့်သွားပြီပဲ ဖြစ်ပါသည်။