စစ်ဘေးရှောင် ၉ နှစ်ပြည့်အထိမ်းအမှတ်ကျောက်တိုင်စိုက်ထူမှု ဆုတောင်းပွဲလုပ်

မြစ်ကြီးနား ဂျော်မဆတ် စစ်ရှောင်စခန်းမှ စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စစ်ဘေးရှောင် ၉ နှစ်ပြည့်မြောက်ခဲ့မှုကို အမှတ်ရစေဖို့ ဇွန်လ ၉ ရက်နေ့ ညနေပိုင်း ၃ နာရီမှာ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဆုတောင်းမှု ပြုလုပ်ခဲ့ကြပါတယ်။ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဆုတောင်းမှုကိုတော့ စစ်ဘေးရှောင်ပြည်သူများ ဦးဆောင်ပြီး လုပ်ဆောင်ခဲ့တာဖြစ်ကာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် လူအများစုဝေးမှုမပြုလုပ်ပဲ ဂျော်မဆတ်ဒေသမှ အသင်းတော်ဆရာများနှင့် ၉ နှစ်ပြည့် အဖြစ်သာ ဆုတောင်းခဲ့ခြင်းဖြစ်ပါတယ်။ ကျောက်တိုင်ကိုတော့ Kachin Youth Movement အဖွဲ့မှ ဦးဆောင်ကာ စစ်ကြောင့် စစ်ဘေးရှောင်ခဲ့ရတာ ၉ နှစ်တင်းတင်းပြည့်မြောက်ခဲ့ကာ ၁၀ နှစ်ကို စတင်ခြေလှမ်းစတင်နေပြီး ၉ နှစ်အတွင်း ပြည်သူများအနေဖြင့် အတိဆင်းရဲဒုက္ခကြုံတွေ့ခဲ့ရမှု၊ စစ်ဘေးရှောင်သူများရဲ့ အခြေအနေ၊ စစ်ဘေးရှောင်စခန်းတွေမှာ နေထိုင်ရာတွင် စိတ်သောကဝေဖျာရမှုတွေကို မီးမှောင်းထိုးပြဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ “ကျမတို့ ၉ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တာကြောင့် တစ်ခုခုတော့ မှတ်သားထားရမယ် ဘာ့ကြောင့်လဲဆိုတော့ စစ်ဘေးဒုက္ခကြောင့် ကျမတို့ဒုက္ခမျိုးစုံခံစားခဲ့ရပြီးပြီ ဒီလိုကျမတို့အပြစ်မမြင်ချင်သလို အပြစ်လည်းမလုပ်ထားပေမယ့် စစ်ပြေးခဲ့ရတာနဲ့ ပတ်သက်ပြီး ကျမတို့ ဘယ်တော့အခါမှ မမေ့နေဘူးဆိုတာကို ရည်ရွယ်ခြင်းဖြစ်တယ်” လို့ ဆရာမဆိုင်းနူးပန်မှ ဆိုပါတယ်။ အထိမ်းအမှတ်ကျောက်တိုင် စိုက်ထူဖို့ နေရာ ၃ ခု သတ်မှတ်ထားပေမယ့် အကြောင်းအမျိုးမျိုးကြောင့် နေရာ ၂ ခုတွင် မလုပ်ဆောင်နိုင်ခဲ့ကာ ဂျော်မဆတ် စစ်ဘေးရှောင်စခန်းတစ်ခုတည်းတွင်သာ စိုက်ထူနိုင်ခြင်းဖြစ်ကာ အထိမ်းအမှတ်ကျောက်တိုင်ကိုတော့ အုတ်ဖြင့်ပြုလုပ်ထားပြီး ဂျော်မဆတ်စစ်ဘေးရှောင်မိသားစု အရေအတွက်၊ စစ်ဘေးရှောင်သူဦးရေ၊ ကျတော်တို့ ဘယ်တော့မှမမေ့ဘူး။ ၉ နှစ်ပြည့် ဇွန် ၉ ဆိုတဲ့ စာသားတွေ ထွင်းထုရေးသားထားပါတယ်။ စစ်ဘေးရှောင်လာတာ ၉ ပြည့်မြောက်ပြီး ၁၀ နှစ်ထဲကို ဝင်ရောက်လာပြီဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေအနေဖြင့် မိမိနေရပ်ဒေသကို ပြန်လည်အခြေချချင်နေပြီဖြစ်ကာ ကိုယ့်ရပ်ရွာပြန်ချိန်တွင် သိက္ခာရှိရှိ နွေးနွေးထွေးထွေး လုံလုံခြုံခြုံဖြင့် နေထိုင်နိုင်ဖို့ မျှော်လင့်ထားကြပါတယ်။

Leave a Reply

*