စစ်ဘေးရှောင် (၉)နှစ်ပြည့် မန်ခရိန်စစ်ဘေးရှောင်စခန်းတွင်ပြုလုပ်

မြစ်ကြီးနားမြို့ မန်ခရိန် ဆရာဂါထောင်နှစ်ခြင်းခရစ်ယာန်အသင်းတော်တွင် နေထိုင်နေတဲ့ စစ်ဘေးရှောင်များ စစ်ဘေးရှောင် (၉) နှစ်ပြည့်အခမ်းအနားကို ဇူလိုင် ၃၁  ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

ကေအိုင်အေနဲ့ မြန်မာစစ်တပ်တို့ကြား တကြော့ပြန်စစ်ဖြစ်ပွားခဲ့တဲ့ ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် စစ်ဘေးရှောင်ခြင်း (၉) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကာ အချို့နေရာများတွင် ဝတ်ပြုဆုတောင်းခြင်းများလုပ်ဆောင်ခဲ့မှုတွေရှိပေမယ့် မန်ခရိန်နှစ်ခြင်းခရစ်ယာန်အသင်းတော်မှာ နေထိုင်တဲ့ စစ်ဘေးရှောင်များအနေဖြင့် လာရောက်နေထိုင်တဲ့ရက်ကို သတ်မှတ်ပြီး ပြုလုပ်ခြင်းဖြစ်တယ်လို့ စခန်းတာဝန်ခံ သင်းထောက် ဖောင်ဒေါ ဂျိုးဇက် ကပြောပါတယ်။

စစ်ဘေးရှောင်လာတာ (၉)နှစ်တင်းတင်းပြည့်မြောက်ပြီဖြစ်ကာ အခက်အခဲပေါင်းမျိုးစုံဖြင့် ဖြတ်သန်းခဲ့မှုကို ကျေးဇူးတင်ချီးမွမ်းဆုတောင်းခြင်းပြုလုပ်ခြင်းနှင့် ဇူလိုင် (၃၀) ရက်နေ့ညနေပိုင်းတွင်လည်း သီးသန့်အပြစ်လွတ်ဆုတောင်းခြင်းပြုလုပ်ခဲ့ပါသေးတယ်။

“စစ်ဘေးရှောင်စခန်းမှာနေထိုင်ရာကနေ သူတို့အမြန်ဆုံးလွတ်မြောက်ချင်နေပါပြီ၊ အမိအိမ် ဒေသ ကျေးရွာဆီကို အမြန်ဆုံးပြန်ချင်နေပါပြီ။ အရင်တုန်းကလိုပဲ ကိုယ့်ဒေသမှာ လွတ်လပ်စွာရှာဖွေစားသောက်ခွင့်ရချင်နေပြီးတော့ လုံခြုံစိတ်ချမှုရှိရှိနဲ့ အိမ်ပြန်နိုင်ဖို့ နှစ်ဖက်အစိုးရအနေဖြင့် အမြန်ဆုံးဖြေရှင်းပေးကြဖို့ ပြောချင်ပါတယ်” လို့ စခန်းတာဝန်ခံတစ်ဦးက ပြောပါတယ်။

မန်ခရိန် ဆရာဂါထောင် စစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၂၂ ရွာမှ စစ်ဘေးရှောင်များ လာရောက်နေထိုင်ခြင်းဖြစ်ကာ အိမ်ထောင်စု ၁၀၆ စုရှိပြီး လူဦးရေ (၆၀၉) ယောက်အထိ ခိုလုံနေတာဖြစ်ပါတယ်။

Leave a Reply

*