စစ်ဘေးရှောင် အိမ်ထောင်စုတချို့ မိမိအိမ်ပြန်ပြီ

ရွှေညောင်ပင်ကျေးရွာကနေ မြစ်ကြီးနားမြို့ စီတာပူနှစ်ခြင်းခရစ်ယာန်အသင်းတော်ဝင်းတွင် စစ်ဘေးရှောင် ခိုလှုံနေတဲ့ မိသားစု (၁၀) စုက ဇူလိုင်လ ၄ ရက်နေ့မှာ ကိုယ့်ဒေသမှာ ပြန်လည်အခြေချနေထိုင်ဖို့ ပြန်သွားခဲ့ပါပြီ။ ရွေ့ပြောင်းနေထိုင်နိုင်ဖို့ ကချင်ပြည်နယ်အစိုးရနဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ KHCC အဖွဲ့တွေ ဦးဆောင်ပြီး စီစဉ်ပေးကာ နေရပ်ဒေသကို ပြန်လည်ရွေ့ပြောင်းခြင်းဖြစ်ကာ ပြောင်းရွေ့တဲ့ အိမ်ထောင်စု (၁၀) စုအတွက် WFP ကနေ ၆ လစာ စားနပ်ရိက္ခာများကို ထောက်ပံ့ကူညီပေးအပ်သွားမှာပဲ ဖြစ်ပါတယ်။

ယခုလိုပြောင်းရွေ့ခြင်းက အဖွဲ့အစည်းတစ်ခုခုက အတင်းအကျပ် ပြောင်းရွေ့စေခိုင်းခြင်းမဟုတ်ပဲ မိမိဒေသပြန်လည်အခြေချနေထိုင်နိုင်တဲ့ အခြေအနေရှိနေတာကြောင့် အိမ်ပြန်ခြင်းဖြစ်တယ်လို့ စီတာပူစစ်ဘေးရှောင်စခန်း တာဝန်ခံ ဆရာအင်ဂေါ့ တန်ဂေါင် ကဆိုပါတယ်။ မိမိနေရပ်ဒေသကို ရွှေ့ပြောင်းခြင်းအခမ်းအနားလုပ်ဆောင်ရာမှာတော့ ကချင်ပြည်နယ်အစိုးရမှ နေရပ်ပြန်မည့်သူများအတွက် ဆန်၊ ဆီ၊ ဆားနဲ့ အခြားအသုံးအဆောင်များ ကူညီထောက်ပံ့ပေးအပ်ခဲ့ကာ ကချင်ပြည်နယ်ဝန်ကြီးချုပ်၊ ဆောက်လုပ်ရေးဝန်ကြီး၊ ကေဘီစီ ဥက္ကဋ္ဌနဲ့အတွင်းရေးမှူး တွေလာရောက်နှုတ်ဆက်ခဲ့ကြပါတယ်။

ဓာတ်ပုံ – Shatapru Buga Nsen

နေရပ်ပြန်ကြတဲ့ အိမ်ထောင်စု (၁၀)စုထဲမှာ လူဦးရေ (၄၄) ဦးဖြစ်ကာ ကျောင်းသား ၁၈ ယောက်နဲ့ တက္ကသိုလ်ကျောင်းသား ၆ ယောက် ပါဝင်ပါတယ်။ စစ်ဘေးရှောင်စခန်းများထဲက ပြည်သူများအနေဖြင့် မိမိအရပ်ဒေသဆီ နယ်မြေလုံခြုံမှုရှိချိန်တွင် ဂုဏ်သိက္ခာရှိစွာ ပြန်လည်နေထိုင်နိုင်ဖို့ ကေဘီစီဦးဆောင်ကော်မတီဖြစ်တဲ့ (KHCC)၊ နိုင်ငံတော်အစိုးရနဲ့ စစ်ဘေးရှောင်များကို ကူညီနေတဲ့ အဖွဲ့အစည်းများ အကြံဉာဏ်ထုတ်ပြီး လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရပါတယ်။

Leave a Reply

*