ချီဖွေ ကေဘီစီ စစ်ဘေးရှောင်စခန်းရှိ နေအိမ်အချို့ အချိန်ကြာလာတာနဲ့အမျှ အိုဟောင်းနေပြီဖြစ်တာကြောင့် မိုးရာသီတွင်း မိုးယိုမှုတွေနဲ့ ကြုံတွေ့ရတာကြောင့် နေထိုင်ရေးခက်ခဲမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ယင်းနေအိမ်များက နေထိုင်တာ ၈ နှစ်တာကာလရှိနေပြီဖြစ်တာကြောင့် နေအိမ်အကုန်လုံးနီးပါး အိုဟောင်းပျက်စီးလာပြီဖြစ်ကာ အချို့အိမ်များကိုတော့ တတ်နိုင်သမျှ ပြုပြင်မှုတွေလုပ်ဆောင်ပေမယ့် တချို့အိမ်ကတော့ အချိန်မှီပြင်ဆင်နိုင်ခြင်းမရှိတာကြောင့် မိုးယိုမှုကြားတွင် နေထိုင်နေရတာပဲ ဖြစ်ပါတယ်။
“အချို့အိမ်ကတော့ အမိုးအကာအသစ်ပြန်လည် ပြင်ဆင်နိုင်ခဲ့ပေမယ့် တချို့အိမ်ကတော့ မပြုလုပ်နိုင်ခဲ့ဘူး နွေရာသီတုန်းက ပြီးစီးအောင်လုပ်ဆောင်မလို့ပဲရှိသေးတယ် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားလာတော့ ဒီနှစ်မိုးရာသီ အချိန်မမှီလိုက်ဘူး” လို့ ချီဖွေ ကေဘီစီ စစ်ဘေးရှောင်စခန်း တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ဒီစစ်ဘေးရှောင်စခန်းမှာတော့ မိသားစု ၁၆၅ စု လူဦးရေအရ ၈၆၀ ဦးအထိ နေထိုင်နေတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ ချီဖွေဒေသဟာ မိုးတွင်းကာလ ဝင်လာတာနဲ့အမျှ လမ်းပန်းဆက်သွယ်ရေးအင်မတန်ခက်ခဲတဲ့ နေရာတစ်ခုဖြစ်တာကြောင့် ကုန်ဈေးနှုန်းမြင့်မားမှုလည်း ခံစားနေရကာ အများစုကတော့ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းသာ လုပ်ဆောင်ကြတာကြောင့် မိုးရာသီကတော့ စားဝတ်နေရေး အခက်ခဲဆုံးအချိန်ပဲ ဖြစ်ပါတယ်။