စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်ရှိ ပစ္စည်းများ ခိုးယူသူ ဖမ်းမိ

ဝိုင်းမော်မြို့နယ် ဂါးရာယန်ကျေးရွာမှ နေအိမ်များရှိ သစ်သားအခင်းနဲ့ သံပန်းလက်ရန်းများ ခိုးယူနေသူကို ဂါးရာယန်ကျေးရွာကော်မတီမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ခိုးယူသူက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်တွင် နေထိုင်သူ ဦးရဲထက်အောင် ဆိုသူဖြစ်ပြီး အိမ်ရှင်က လုပ်ဆောင်ခိုင်းခြင်းကြောင့် အခင်းနဲ့ သံပန်းလာရောက် ဖြုတ်ယူခြင်းဖြစ်ကြောင်း လိမ်လည်ပြောဆိုကာ ခိုးယူနေခဲ့တာဖြစ်ပါတယ်။

ဇွန်လ ၂၅ ရက်နေ့က ကျေးရွာအတွင်း ကောင်းမွန်သေးတဲ့ နေအိမ်များရှိ သံချောင်းများ၊ သစ်သားကြမ်းခင်းများကို ဖြုတ်ယူပြီး ကားတွင် တင်ဆောင်နေစဉ် ကျေးရွာအုပ်ချုပ်သူများက နေအိမ်ပိုင်ရှင်များထံ မေးမြန်စဉ် လုပ်ဆောင်ခိုင်းခြင်းမရှိကြောင်း ပြန်လည်ဖြေကြားလာတာကြောင့် ခိုးဖြုတ်နေသူကို ဖမ်းဆီးပြီး တာဝန်ရှိသူများထံ အပ်နှံခဲ့ကြောင်း သိရပါတယ်။

ဂါးရာယန်ကျေးရွာရှိ နေအိမ်များမှ ထိုင်ခုံ၊ စားပွဲနဲ့ အခြားသောအိမ်အသုံးအဆောင်ပစ္စည်းများ၊ သံပြားများ၊ အိမ်တွင်းစိုက်ပျိုးထားတဲ့ ပျိုးပင်များနဲ့ ဘုရားကျောင်းဝင်းအတွင်းရှိ ပစ္စည်းများကို ဒေသခံပြည်သူများ စစ်ဘေးရှောင်နေတဲ့ ၁၀ နှစ်တာကာလအတွင်း ယခုလို ခိုးယူခြင်းများ ခံထားရကြောင်း ဒေသခံများက ပြောကြပါတယ်။

ဂါးရာယန်ကျေးရွာက စစ်ဘေးတိမ်းရှောင်နေရတဲ့ ကျေးရွာဖြစ်ကာ ၂၀၂၁ ခုနှစ်တွင် KHCC ရဲ့ ဦးဆောင်မှုနဲ့ နေရပ်ပြန်လည်နေထိုင်းရေးအတွက် နေအိမ် ၃၀၀ ခန့်ကို ပြန်လည် မွမ်းမံပြင်ဆင်ပြီး ပြန်လည်အခြေချနေထိုင်ဖို့ ပြုလုပ်နေအိမ် နိုင်ငံရေးအခြေအနေ ရှုပ်ထွေးလာခြင်းကြောင့် ဒေသခံများ နေရပ်မပြန်နိုင်ကြသေးကာ တစ်ခါတစ်ရံ ကျေးရွာစစ်ဆေးရေးတွေသာ လုပ်ဆောင်နေရတာဖြစ်ပါတယ်။

Leave a Reply

*