မြစ်ကြီးနား-ဗန်းမော်လမ်းပိုင်းရှိ တိုက်ပွဲကြောင့်ထွက်ပြေးတိမ်းရှောင်ရတဲ့ ကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများ ကိုယ်ရဲ့ဒေသဆီပြန်လည်အခြေချနိုင်ဖို့ ကေဘီစီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ ဖွံ့ဖြိုးရေးတာဝန်ခံတို့ ဗန်းမော်အုပ်ချုပ်များ၊ စစ်ဘေးရှောင်စခန်းများရှိ တာဝန်ခံများဆီကို ဩဂုတ်လ ၇ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။
ဗန်းမော်လမ်းပိုင်းတစ်လျှောက် မိမိနေရပ်ပြန်ကြမည့်သူများရဲ့ အမည်စာရင်းများကို ကောက်ခံဖို့ အင်မောက်၊ မန်ဂျယ်ဒေသ အုပ်ချုပ်ရေးမှူးများနဲ့ တွေ့ဆုံဆွေးနွေးကာ ဇုံနယ်တာဝန်ခံပြန်လည် တွေ့ဆုံပြီး စစ်ဘေးရှောင်ပြည်သူများကို ရှင်းလင်းခြင်း မေးမြန်းခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ကေဘီစီ ဥက္ကဋ္ဌ သိက္ခာတော်ရ ဒေါက်တာ ခလမ်ဆမ်ဆွမ် ကပြောပါတယ်။
နီပွန်ဖောင်ဒေးရှင်းရဲ့ ထောက်ပံ့ငွေဖြင့် စစ်ဘေးရှောင်ပြည်သူများရဲ့ နေအိမ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများကို စတင်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြီးဆုံးမှသာ နေရပ်ပြန်ဖို့ စက်တင်ဘာလကစတင်ပြီး အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
“လုံခြုံမှုရှိရေးကို ဘယ်သူမှ အာမခံချက်မပေးနိုင်ကြဘူး၊ မြို့မှာနေလည်း လုံခြုံတာတော့မဟုတ်ပေမယ့် ယုံကြည်ချက်ဖြင့် ပြန်ကြရအောင်၊ အပစ်အခတ်ရပ်စဲမှ ပြန်မယ်ဆိုရင်တော့ စစ်ဘေးရှောင်ပြည်သူတွေက စောင့်နိုင်တော့မှာ မဟုတ်ဘူး” လို့ ဆရာဆမ်ဆွမ်က ပြောပါတယ်။
ပထမဦးဆုံးပြန်မည့် ကျေးရွာများကတော့ ဂါးရာယန်၊ ဝါဝမ်၊ ဂျခန့်ဒပ့်၊ ဂွေကထောင် စတဲ့ကျေးရွာများဖြစ်ကာ နောက်ပိုင်းမှာ ကျေးရွာ ၈ ရွာထပ်မံပြန်နိုင်ဖို့ စီစဉ်ထားပါတယ်။
ယခုလို စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် ကေအိုင်အိုနဲ့ မြန်မာစစ်တပ်များဆီ သွားရောက်ဆွေးနွေးတိုင်ပင်ပြီး လုပ်ဆောင်လာခြင်းဖြစ်ပါတယ်။