စစ်ဘေးရှောင်ပြည်သူများအတွက် အလှူငွေကောက်ခံတဲ့ မူဆယ် လူငယ် ၅ ဦး ဖမ်းဆီးခံရ

သျှမ်းပြည်နယ် မူဆယ်မြို့တွင် ယနေ့ မေလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်တွင် စစ်ဘေးရှောင်ပြည်သူများကူညီရေးအတွက် အလှူငွေကောက်ခံနေတဲ့ စေတနာ့လုပ်သား လူငယ် (၅) ဦးကို အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့စစ်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မူဆယ်ဒေသခံများက ပြောပါတယ်။

ဖမ်းဆီးခြင်းခံလိုက်ရတဲ့ လူငယ်များက မူဆယ် အမှတ် (၂) ဈေးတွင် တေးသီချင်းသီဆိုရင်း အလှူငွေကောက်ခံနေစဉ် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကာ အမျိုးသမီး ၄ ဦးနဲ့ အသက် ၁၈ နှစ်မပြည့်သေးတဲ့ အမျိုးသားတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

ဖမ်းဆီးခံလူငယ်များရဲ့ မိဘများက မူဆယ်ရဲစခန်းတွင် သွားရောက်စုံစမ်းပေမယ့် ရဲစခန်းဘက်ကို ရောက်ရှိလာခြင်းမရှိသေးကာ ဖမ်းဆီးသူများက စစ်သားများသာဖြစ်ကြောင်း ရဲစခန်းမှ ပြန်လည်ပြောဆိုခဲ့ကြောင်း ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိမှာတော့ လူငယ်များကို မည်သည့်နေရာတွင် ဖမ်းဆီးထားခြင်းကို မသိရှိရသေးသလို ဘယ်လိုအကြောင်းရင်းကြောင့် ဖမ်းဆီးရခြင်းကိုလည်း အတိအကျမသိရကာ ဖမ်းဆီးခံအမျိုးသမီး ၂ ဦးကိုင်ထားတဲ့ အလှူငွေပုံးကိုလည်း သိမ်းဆည်းလိုက်ကြောင်း သိရပါတယ်။

မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း လက်ရှိအချိန်ထိ မူဆယ်ဒေသတွင် ဖမ်းဆီးခံထားရသူ အယောက် ၄၀ နီးပါးရှိနေကာ အများစုကိုတော့ ၅၀၅-က ဖြင့် အမှုစွဲဆိုပြီး တရားရင်ဆိုင်နေကြရပါတယ်။

Leave a Reply

*