ဝိုင်းမော် နှင့် ကမ်ပိုင်တီမှ စစ်ဘေးရှောင်အိမ်ခြေ (၆၀) ကျော်သည် ဆောင်းတွင်းမရောက်မှီ နေရပ်သို့ပြန်နိုင်ရေး ကေဘီစီမှ ဦးဆောင်ပြီး အောက်တိုဘာလ 27 ရက်နေ့တွင် စစ်ဘေးရှောင်များပြန်လည်နေထိုင်မည့် ကျေးရွာများကို သွားရောက်ကြည့်ရှုခဲ့ကြောင်းသိရှိရသည်။

Dabu Bum အမှတ် (၆) မှ စစ်ဘေးရှောင်အိမ်ခြေပေါင်း (၆၀) ကျော်တွင် စားနပ်ရိက္ခာများမရောက်ရှိတော့သဖြင့် ဆောင်းတွင်းမရောက်ခင်အမှီ မိမိနေရပ်နေအိမ်သို့ပြန်နိုင်ရေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ဆွေးနွေးပြီး စစ်ဘေးရှောင်များ ပြန်လည်နေထိုင်မည့် နေအိမ်များကို မည်သို့ဆောက်လုပ်သွားမည်နှင့် ပတ်သက်၍ သွားရောက်ကြည့်ရှုခဲ့ကြောင်း ကေဘီစီခေါင်းဆောင် သိက္ခာတော်ရဆရာ Dr. Hkalam Samson ကပြောပါတယ်။
” စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး မြန်မာအစိုးရနှင့် ကေအိုင်အိုအစိုးရ နှစ်ဖက်ကနေပြီးတော့ ညှိနှိုင်းလုပ်ဆောင်တဲ့ အလုပ်ဖြစ်တဲ့အတွက်ကြောင့် ကိုယ်တက်နိုင်သလောက်ကူညီ လုပ်ဆောင်တာပါ။ စစ်ဘေးရှောင်များလဲ ကိုယ့်နေရပ်ဒေသကို ချောမောစွာ ရောက်ရှိနိုင်ရေးအတွက် အတူပူးပေါင်းလုပ်ဆောင်ပေးရင် ပိုမြန်ဆန်မယ်လို့ တိုက်တွန်းချင်ပါတယ်” လို့ ဆရာကဆက်လက်ပြောပါတယ်။
နေရပ်ဒေသကိုပြန်မည့် စစ်ဘေးရှောင်ရွာများကတော့ လဖိုင်၊ ဂေါ့နန်၊ လဂျောင်၊ လူဂီ၊ မန်ရှန်၊ နော့လန်းနဲ့ လုမျန့်ကျေးရွာတွေဖြစ်ကြကာ ဒီစစ်ဘေးရှောင်စခန်းများသည် လွန်ခဲ့သော ၂၀၁၁ တကျော့ပြန်စစ်ဖြစ်ပွားစဉ်ကတည်းက စစ်ဘေးရှောင်ခဲ့ရသောသူများဖြစ်ပြီး ယခုအချိန် နေရပ်ပြန်နိုင်ရေးအတွက် ကေဘီစီ မှဦးဆောင်ပြီး ဆောင်ရွက်ပေးနေကြောင်းသိရှိရပါတယ်။