ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်နဲ့ကက်သလစ်အသင်းတော်တို့ စစ်ဘေးရှောင်ပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မြစ်ကြီးနာမြို့ရှိ St. Columban ဘုရားကျောင်းတွင် ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ပြန်ရောက်ချိန် တွေ့ကြုံနိုင်မည့်အခက်အခဲများကို အဘက်ဘက်မှ ကူညီထောက်ပံ့နိုင်ဖို့ လုပ်ငန်းတာဝန်များကို အသင်းတော်နှစ်ခုကြား အတူတကွလုပ်ဆောင်သွားနိုင်ဖို့ ဆွေးနွေးတိုင်ပင်ခြင်းဖြစ်ကြောင်း ကေဘီစီ ဥက္ကဋ္ဌကပြောပါတယ်။
“ကျတော်တို့ ကက်သလစ်အသင်းတော်နဲ့ ကေဘီစီ စစ်ဘေးရှောင်ပြည်သူများပြားတာကြောင့် သူတို့နေရပ်ပြန်ချိန်မှာ ကျတော်တို့ရဲ့ ဘာသာရေးဆိုင်ရာနဲ့ရော အခြားသောအရာများဖြင့်လည်း ထောက်ပံ့သွားဖို့ ပြီးတော့ လုံခြုံရေးနဲ့သူတို့ အားကိုးနိုင်ဖို့လုပ်ဆောင်ပြီး လုပ်ငန်းတာဝန်များကိုလည်း အတူတကွလုပ်ဆောင်သွားကြဖို့ ခက်ခဲမှုတွေရှိတာဖြစ်တဲ့အတွက် အတူတကွလုပ်ဆောင်နိုင်မယ့်အရာများကို အတူတူလုပ်ဆောင်ဖို့ လုပ်ငန်းအစီအမံများကို ဆွေးနွေးခြင်းဖြစ်ပါတယ်” လို့ ကေဘီစီ ဥက္ကဋ္ဌ သိက္ခာတော်ရဆရာ ဒေါက်တာခလမ်ဆမ်ဆွမ် ကပြောပါတယ်။
၁၀ နှစ်ကြာ စစ်ဘေးရှောင်ပြေးနေရခြင်းကြောင့် ခက်ခဲမှုအဖုံဖုံဖြင့် အသက်ဆက်နေခဲ့ရအောင် ပိုင်ဆိုင်ထားတဲ့ အိမ် ယာမြေများကိုလည်း စွန့်ခွာသွားခဲ့ရကာ နိုင်ငံတကာအကူအညီပေးမှုတွေကလည်း လျော့နည်းလာသလို ဝမ်းရေးဖြေရှင်းဖို့ အခက်တွေ့နေရပြီဖြစ်တာကြောင့် ကိုယ့်နေရပ်ဒေသဆီပြန်ပြီး လုပ်ကိုင်စားသောက်နေထိုင်ခြင်းက မိသားစုအတွက် အကောင်းဆုံးဖြစ်ကြောင်း ပြောပါတယ်။
“စစ်ဘေးရှောင်ပြည်သူများကို ပြောချင်တာကတော့ ကျတော်တို့ ၉ နှစ်ပြည်ပြီး ၁၀ နှစ်ကို ရောက်လာတဲ့အထိ အားစိုက်နေထိုင်ခဲ့ပြီးပြီ ဒါပေမယ့် ကြာလာတာနဲ့အမျှ မိသားစုရှေ့ရေးကိုလည်း တွေးတောရတော့မှာဖြစ်တာကြောင့် အာမခံရှိရှိ အိမ်ပြန်ခြင်းက ဘယ်လိုမှ မဖြစ်နိုင်သေးဘူး၊ ဒီနေ့အထိ အာမခံချက်ရှိတယ်လို့ ပြောဖို့ခက်သေးတာကြောင့် ကျတော်တို့ ဘုရားသခင်ကိုလည်း ယုံကြည်၊ အချင်းချင်းလည်း ယုံကြည်စွာဖြင့် နည်းလမ်းမှန်ကန်စွာ ပြန်ကြစို့” လို့ ဆရာကပြောပါတယ်။
တွေ့ဆုံဆွေးနွေးမှုမှာတော့ ကေဘီစီဘက်မှ လုပ်ငန်းကော်မတီဝင်တွေ၊ ကက်သလစ်အသင်းတော်ဘက် တာဝန်ရှိသူတွေနဲ့ လားရှိုးနယ် ဆရာတော်တို့လာရောက် ပါဝင်ဆွေးနွေးခဲ့ပါတယ်။
စစ်ဘေးရှောင်ပြည်သူအချို့က ပြည်တွင်းစစ်တစ်ကျော့ပြန်ဖြစ်ပွားတဲ့ ၂၀၁၁ ခုနှစ်ကတည်းက မိမိနေရပ်ဒေသကို စွန့်ခွာပြီး ထွက်ပြေးလာသူများပြားနေကာ မြန်မာအစိုးရနဲ့ ကေအိုင်အိုကြား တိုင်ပင်ဆွေးနွေးပြီး နေရပ်ပြန်ရေးလုပ်ဆောင်လာတာကတော့ ယခုနှစ် ၂၀၂၀ ခုနှစ်ကစပြီး အကောင်အထည်ဖော်ဆောင်ရွက်လာတာဖြစ်ပါတယ်။