ကချင်ပြည်နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ မိမိနေရပ်ဒေသကို ပြန်နိုင်ဖို့နဲ့ စစ်ဘေးရှောင်စခန်းများ ဖျက်သိမ်းရေးအစီအမံကြောင့် နမ့်ဆန်ယန်ဒေသခံများကလည်း အမည်စာရင်းများကို နေရပ်ပြန်နိုင်ရေးအတွက် စာရင်းသွင်းထားကြပါပြီ။
အစိုးရအနေဖြင့် စစ်ဘေးရှောင်ပြည်သူများနေရပ်ပြန်နိုင်ရေးအတွက် စီမံမှုရဲ့ ခြေလှမ်းတစ်ခုဖြစ်တဲ့ နေအိမ်များပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းကို အားတွန်ခွန်စိုက်လုပ်ဆောင်ပေးမှု သိပ်မတွေ့ရသလို ၂၀၁၉ ခုနှစ်က နေရပ်ပြန်ကြပြီဖြစ်တဲ့ စစ်ဘေးရှောင်ပြည်သူများအချို့ကလည်း မိမိနေအိမ်မဟုတ်တဲ့အခြားသူများရဲ့ နေအိမ်တွေမှာသာ နေထိုင်ရမှုတွေ ရှိနေကြောင်းပြောဆိုနေကြပါတယ်။
ယခုလိုအခြားသူများရဲ့ နေအိမ်တွင်နေထိုင်နေရမှုကို အစိုးရအနေဖြင့် စာရင်းသွင်းလိုက်မှုတွေ ရှိတာကြောင့် အချိန်ကြာလာရင် ပြဿနာတစ်ရပ်ဖြစ်လာနိုင်သလို မိမိကိုယ်ပိုင်နေရာများကို ဆုံးရှုံးပေးရမှုတွေရှိလာမည်ကို စိုးရိမ်နေကြရတာပဲ ဖြစ်ပါတယ်။
“သွားရောက်နေထိုင်နေပြီဖြစ်တဲ့သူတွေက ပိုင်ရှင်ပြန်လာရင် မဖယ်ရှားပေးချင်တာတွေဖြစ်လာနိုင်တယ်၊ အစိုးရကလည်း မှတ်တမ်းဓာတ်ပုံယူထားမှုတွေကလည်း ငှားရမ်းနေသူကပဲ အိမ်ရှင်တွေလိုဖြစ်နေတယ်။ အခြားနေအိမ်ကို ကိုယ့်အိမ်လိုမှတ်တမ်းယူမှုတွေရှိနေတယ်” လို့ နမ့်ဆန်ယန်ဒေသခံ ဦးဆိုင်းခေါင်ကပြောပါတယ်။
အစိုးရနေဖြင့်ကတော့ ခေတ္တာခဏလာရောက်ပြီး ဈေးရောင်းနေသူများ ဒေသခံမဟုတ်သူများကို နေရာချထားမှုတွေ မရှိကြောင်း၊ ဒေသခံအစစ်အမှန်တွေက နည်းပါးနေသေးသလို အများစုကတော့ ဒေသခံမဟုတ်သူများကိုတော့ အစိုးရအနေဖြင့် ဒေသအုပ်ချုပ်သူများရဲ့ ထောက်ခံမှုနဲ့ လုပ်ငန်းလုပ်ဆောင်ခွင့်ပြုထားတာဖြစ်ကြောင်းပြောဆိုလာပေမယ့် ဒေသခံများကတော့ မိမိနေရာများကို ဆုံးရှုံးမှုဖြစ်ပေါ်လာမည်ကိုတော့ စိုးရိမ်နေရဆဲဖြစ်ပါတယ်။