အရပ်သားအစိုးရဆီကနေ မြန်မာစစ်တပ်အနေဖြင့် အတင်းအဓမ္မအာဏာသိမ်းယူလိုက်ပြီးနောက်ပိုင်း စစ်ဘေးရှောင်စခန်းများကို အစားအသောက် အကူအညီထောက်ပံ့ပေးနေတဲ့ အဖွဲ့အစည်းများလုပ်ငန်းရပ်နားထားခြင်းကြောင့် မြစ်ကြီးနားမြို့တွင်းရှိ စစ်ဘေးရှောင်စခန်းများ ထောက်ပံ့မှုမရရှိတော့ကြောင်း သိရှိရပါတယ်။
စစ်ဘေးရှောင်ပြည်သူများက ၂၀၂၀ ခုနှစ်ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အလုပ်လုပ်ကိုင်ဖို့အခက်အခဲကြုံခဲ့ရကာ အပြင်ထွက်လုပ်ကိုင်ဖို့လည်း မဖြစ်နိုင်ခဲ့တာကြောင့် လူမှုကူညီရေးအသင်းအဖွဲ့များရဲ့ ကူညီထောက်ပံ့မှုကိုကို အားကိုးအားထားပြီး အိမ်ထောင်တွင်းရုန်းကန်နေခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ပိုမိုခက်ခဲမှုဖြင့် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။
ဖေဖော်ဝါရီလကစတင်ပြီးအကူအညီတွေမရရှိတော့သလို ဆက်လက်ပြီးတော့လည်း သုံးလလောက် အထောက်အပံ့တွေရောက်ရှိမှာမဟုတ်ကြောင်း အကြောင်းကြားစာရရှိထားကြောင်း မြစ်ကြီးနားမြို့ရှိ စစ်ဘေးရှောင်စခန်းတစ်ခုက သိရှိရပါတယ်။
ဒါ့အပြင် ဗန်းမော်မြို့ရှိ စစ်ဘေးရှောင်စခန်းများတွင်လည်း အစားအသောက်ထောက်ပံ့မှုတွေမရရှိတော့မှုတွေရှိနေကာ လက်ရှိတွင် ကူညီထောက်ပံ့ရေးပစ္စည်းများလည်း ဈေးနှုန်းမြင့်မားမှုတွေနဲ့ ကြုံတွေ့နေရတာကြောင့် စစ်ဘေးရှောင်ပြည်သူများ ကိုဗစ်ရိုက်ခတ်မှုကို ကြုံတွေ့ပြီး အပြင်ထွက်ခွင့်မရရှိခဲ့တဲ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ အာဏာသိမ်းမှုလုပ်ရပ်က စစ်ဘေးရှောင်ပြည်သူများအတွက် ထပ်ဆင့်အခက်ကြုံဖို့ ဖြစ်လာနေပါတယ်။