ကေအိုင်အိုအရှေ့ပိုင်းတိုင်းဌာနချုပ်ရှိ လနာ့ဇွပ်ဂျာ စစ်ဘေးရှောင်စခန်းတွင် ယနေ့ မေလ ၃၁ ရက်နေ့တွင် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကော်မတီနဲ့ ပြည်သူတွေကြား တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ဒီနေ့ဆွေးနွေးမှုမှာတော့ ပညာရေး၊ ကျန်းမာရေး၊ အမျိုးသမီးရေးရာ၊ စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးဆိုင်ရာတွေကို ကူညီနေသူများနဲ့ ပြည်သူကြား အမြင်ဖလှယ်ခြင်းတွေ ဆွေးနွေးခဲ့ကြပြီး ရရှိလာတဲ့အချက်အလက်များကို စုဆည်းခဲ့ကြပါတယ်။
“ကျောင်းနေအရွယ်ကလေးတွေအားလုံး မပျက်မကွက်ပဲ ပညာသင်ကြားနိုင်ဖို့ ကျောင်းအပ်လာနိုင်ရေး၊ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ မိုးတွင်းကာလရောက်လာတော့မှာဖြစ်တာကြောင့် လိုက်နာရမည့် ကျန်းမာရေးအသိတွေ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အသက်ပြည်သူတွေ ထိုးနှံခံယူဖို့၊ အမျိုးသမီးရေးနဲ့သက်ဆိုင်ပြီးတော့ အခုနိုင်ငံရေးအခြေအနေမှာ အမျိုးသမီးတွေ ဘယ်နေရာကနေ ပါဝင်ကြမလဲစတဲ့ အကြောင်းအရာတွေကို တာဝန်ရှိသူတွေက ပြောပြဆွေးနွေးကြတာပါ” လို့ ယနေ့ဆွေနွေးပွဲတွင် ပါဝင်သူတစ်ဦးကပြောပါတယ်။

အခမ်းအနားတွင် အရှေ့ပိုင်းတိုင်းဌာနချုပ် ကော်မတီအနေဖြင့်လည်း စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးနဲ့သက်ဆိုင်ပြီး လုပ်ဆောင်နေတဲ့အရာတွေနဲ့ ကော်မတီအတွင်း လိုအပ်နေတဲ့အရာများကိုလည်း အတူတကွဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲမှာတော့ လနာ့ဇွပ်ဂျာ စစ်ဘေးရှောင်စခန်းနဲ့ နီးစပ်တဲ့ကျေးရွာများမှ ပြည်သူ ၄၀၀ ကျော် ပါဝင်ခဲ့ကြကြောင်း သိရပါတယ်။