အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ မဆင်မခြင်လက်နက်ကြီးများဖြင့် ပစ်ခတ်လာမှုက စိုးရိမ်စရာဖြစ်လာခြင်းကြောင့် စိန်လုံကျေးရွာနဲ့အနီးဝန်းကျင်ဒေသခံများ ထွက်ပြေးတိမ်းရှောင်လာခဲ့ရာ နေထိုင်စရာနေရာနဲ့ အစားအသောက် လိုအပ်မှုတွေရှိနေကြပါတယ်။

တိမ်းရှောင်လာသူများက မတ်လ ၂၅ ရက်နေ့က စိန်လုံတောင်နဲ့ ယောယုံတောင်ပေါ်တွင် တပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်များရဲ့ လက်နက်ကြီးရမ်းသန်းပစ်ခတ်လာတဲ့အပြင် ကေအိုင်အေတပ်နဲ့လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားလာဖို့ နီးစပ်နေတာကြောင့် အင်မောက်ကျေးရွာရှိ စိန်လုံသာသနာအဆောင်ဝင်းတွင် စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ပြည်သူများ နေထိုင်စရာအဆောက်အအုံမလုံလောက်ခြင်းစတဲ့ နေရာထိုင်ခင်းအခက်အခဲကြုံတွေ့နေကြရတဲ့အပြင် အစားအသောက်အတွက်လည်း လတ်တလောစားသောက်ဖို့အတွက်ပင်လျင် အခက်ကြုံနေရတယ်လို့ စိန်လုံအသင်းတော်ဆရာတစ်ဦးကပြောပါတယ်။
“အသင်းတော်အနေနဲ့ကတော့ လိုအပ်တဲ့ ဆန်အတွက် ပြင်ဆင်ထားခြင်းမရှိတော့ စစ်ဘေးရှောင်တွေရောက်လာတော့ ပေးအပ်ဖို့မရှိဖြစ်နေ၊ ရရှိထားတဲ့ ငွေကြေးတွေကလည်း စားသောက်ရေး၊ တဲအိမ်ဆောက်တာ၊ အိမ်သာဆောက်တဲ့နေရာတွေမှာအသုံးပြုလိုက်တော့ စားဝတ်နေရေးအတွက် ဆက်မကူနိုင်ဘူးဖြစ်နေတယ်၊ အင်မောက်အသင်းတော်က လာရောက်ကူညီတဲ့ ဆန်ကိုစားသောက်ပြီးအသက်ရှင်နေတာပေါ့၊ WFP ကလည်းမေးမြန်တာတော့ရှိတယ် အရေးပေါ်အကူအညီဖြစ်ကူညီမယ်လို့တော့ပြောပေမယ့် လက်ရှိအချိန်ထိ ဘာအကူအညီမှမရသေးဘူး” လို့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲကို ပြောပြခဲ့ပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်အိမ်ထောင်စု (၅၇) စုဖြစ်ကာ လူဦးရေအားဖြင့် ၂၅၀ ဦးအထိရှိတာကြောင့် နေရာထိုင်ခင်းအတွက် သာသနာဘော်ဒါဆောင်ကျောင်းဝင်းတွင် အိမ်ထောင်စု (၂၀) ကျော်နေထိုင်ပြီး ကျန်တဲ့အိမ်ထောင်စုများကတော့ နီးစပ်ရာဆွေမျိုးများတွင် ခိုလှုံနေကြရပါတယ်။