ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်ကျောင်း ၁၀ ကျောင်းမှ ကောင်စီများ စုပေါင်းပြီး လက်ရှိ ကျင်းပခဲ့တဲ့ တရားမဝင် စစ်ကောင်စီရဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲရဲ့ ရလဒ်များကို အသိအမှတ်မပြုကာ တက္ကသိုလ်ဝင်ခွင့် လုံးဝမပြုကြောင်း ပူးတွဲထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားနည်းဖြင့် လုယူထားတဲ့အဖွဲ့ဖြစ်ကာ အုပ်ချုပ်ရေးအာဏာ အသက်ဝင်ကြောင်းကို ဟန်ပြသက်သက် ပြသနိုင်ဖို့ ပြုလုပ်တဲ့ စာမေးပွဲဖြစ်ကြောင်း ပြောဆိုထားကာ ကချင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ တစ်သောင်းဝန်းကျင် ရှိကြောင်း သိရပါတယ်။
လက်ရှိအချိန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် လုပ်ဆောင်ရမည့် အဆင့်တိုင်းတွင် ပြည့်မှီခြင်းမရှိကာ ကျွမ်းကျင်ပညာရှင်အများစုကလည်း အကြမ်းမဖက် အာဏာဖီဆန်ရေးလုပ်ဆောင်နေတာကြောင့် စာမေးပွဲရလဒ်ကိုလည်း ယုံကြည်လက်ခံဖွယ် မရှိကြောင်း ထုတ်ပြန်ထားပါတယ်။
ယခုထုတ်ပြန်ချက်ကို ကချင်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်များဖြစ်တဲ့ မြစ်ကြီးနား တက္ကသိုလ် ကောင်စီ၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ၊ ကြားကာလ တက္ကသိုလ်ကောင်စီ – မြစ်ကြီးနားကွန်ပျူတာတက္ကသိုလ်၊ မြစ်ကြီးနား ပညာရေးဒီဂရီကောလိပ် ကောင်စီ၊ ကချင်ပြည်နယ် သူနာပြုနှင့်သားဖွား သင်တန်းကျောင်းများ ယာယီကောင်စီ၊ စိုက်ပျိုးရေးသိပ္ပံ (မြစ်ကြီးနား) သင်တန်းကျောင်း ကောင်စီ၊ ဗန်းမော် တက္ကသိုလ် ကောင်စီ၊ ကြားကာလ တက္ကသိုလ်ကောင်စီ ဗန်းမော်နည်းပညာတက္ကသိုလ်၊ ကြားကာလ တက္ကသိုလ်ကောင်စီ ဗန်းမော်ကွန်ပျူတာတက္ကသိုလ်၊ မိုးညှင်းတက္ကသိုလ် ယာယီတက္ကသိုလ်ကောင်စီ တို့ပါဝင်ကြပါတယ်။