ကချင်ပြည်နယ် တနိုင်းမြို့နယ်နဲ့ ရှင်ဗွေယန်မြို့နယ်ခွဲ လမ်းပိုင်း လဂျာဘွမ်အနီးတွင် အောက်တိုဘာ ၂၇ ရက်နေ့ န့လည် ၁၁ နာရီခန့်က အာဏာသိမ်း စစ်ကောင်စီရဲ့ စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း (၄၅)မှ ကြားဖြတ်တိုက်ခိုက်လိုက်ကြောင်း သိရပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြေလျင်ဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာစဉ် ကေအိုင်အေတပ်မှ စောင့်ကြိုတိုက်ခိုက်လိုက်ခြင်းဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်က ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တာကြောင့် အနီးဝန်းကျင်ဘက် လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်သမ်းပစ်ခတ်နေခဲ့တာကြောင့် ဒေသခံပြည်သူများက စိုးရိမ်ထိတ်လန့်ပြီး ဘုရားကျောင်းဝင်ဘက် ထွက်ပြေးခိုလှုံမှုတွေ ပြုလုပ်ခဲ့ရကြောင်း သိရပါတယ်။
အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့က ထိုဒေသတဝိုက် ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်လာခြင်းကြောင့် အောက်တိုဘာ ၂၂ ရက်နေ့တွင်လည်း လဂျာဘွမ်နဲ့ တရုန်ကျေးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကေအိုင်အေကြား တိုက်ပွဲဖြစ်ပွားမှုရှိခဲ့သလို အောက်တိုဘာ ၂၅ ရက်နေ့မှာတော့ တခက်ကျေးရွာအနီးတွင် တစ်ကြိမ် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
တနိုင်း-လီဒိုလမ်း စစ်ရေးအရစိုးမိုးနိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှုတွေ အမြဲလုပ်ဆောင်နေခြင်းကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏတိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားချိန်တိုင်း ကျေးရွာဘက် လက်နက်ပစ်ခတ်မှုတွေ ပြုလုပ်လေ့ရှိတာကြောင့် ဒေသခံပြည်သူများက ဘေးလွတ်ရာကို ပြောင်းရွှေ့ရမှုတွေကလည်း အမြဲလုပ်ဆောင်နေကြရပါတယ်။