ကချင်ပြည်နယ်အနှံ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များက ထိုးစစ်ဆင် စစ်ရေးလှုပ်ရှားမှုပြုလုပ်ပြီး လက်နက်ခဲယမ်းဖြည့်တင်းမှုတွေ လုပ်ဆောင်နေတဲ့အပြင် တပ်စွဲထားရာနေရာအနီးတဝိုက် လက်နက်ကြီးပစ်ခတ်မှုတွေလည်း မကြာခဏဆိုသလို ပြုလုပ်လေ့ရှိနေပါတယ်။

စက်တင်ဘာ ၁၅ ရက် ယမန်နေ့ည ၁၀ နာရီခန့်တွင် နာ့ဖောတောင်တွင် တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်များက လော်ခွမ့်တောင်ဘက် လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်မှုပြုလုပ်ခဲ့ပြီး ခါ့ယာတောင်တွင် တပ်စွဲထားတဲ့ တပ်က မိုင်ဆပ်ပါဘက် လက်နက်ကြီးဖြင့် ၃ ကြိမ်၊ ဘွမ်ရဲတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီအဖွဲ့က ကွမ်ဘာ့ယန်ဘက် ၂ ကြိမ်ပစ်ခတ်မှု လုပ်ဆောင်ခဲ့ပြီး ထိခိုက်မှုတစ်စုံတစ်ရာတော့ မရှိခဲ့ကြောင်း မြေပြင်အချက်အလက်အရ သိရပါတယ်။
ဩဂုတ်လ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင်လည်း ဘွမ်ရဲတောင်နဲ့ ခါယာတောင်တွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကေအိုင်အေ ဌာနချုပ်နယ်မြေဘက် လက်နက်ကြီးဖြင့် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်မှုလုပ်ဆောင်ခဲ့ချိန် မိုင်ဆပ်ပါကျေးရွာရှိ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးစင်တာအနီး ကျရောက်ပေါက်ကွဲမှုရှိခဲ့ကြောင်း သိရပါတယ်။
ယမန်နေ့တုန်းက ဗန်းမော်မြို့ကနေ အာဏာသိမ်းစစ်တပ် စစ်အင်အား ၁၀၀ ဝန်းကျင်က ခြေလျင်ခရီးဖြင့် လမ်းမအတိုင်း စစ်ရေးလှုပ်ရှားမှုပြုလုပ်လာခဲ့ကာ မူထိန်ကျေးရွာတွင် စခန်းချခဲ့ပြီး ယနေ့မှာတော့ ဆက်လက်ပြီး ကေအိုင်အိုဌာနချုပ်နယ်မြေဘက် စစ်ရေးလှုပ်ရှား တပ်အင်အားဖြည့်တင်းလာနေကြောင်း သိရပါတယ်။