ကားမိုင်းမြို့ အနီး နမ့်ရှန်တောင်တွင် တပ်စွဲနေရာယူနေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ ခမရ ၁၂ တပ်မှ တာဝန်ရှိသူများက ထိုနေရာအနီးတဝိုက်ရှိ ကျေးရွာများမှ ပြည်သူများကို အောက်တိုဘာ ၁၅ ရက်နေ့ မနက် ၉ နာရီခွဲတွင် စစ်တပ်ပတ်ဝန်းကျင် ခြုံရှင်းလင်းခိုင်းမှု ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။

ခမရ ၁၂ တပ်မှ ဗိုလ်ကြီး နိုင်ဇော်အောင် က လဘန်ကထောင်၊ နမ့်ရှန်၊ ခဆန်ကျေးရွာရှိ အုပ်ချုပ်ရေးမှူးများကို ခေါ်ယူကာ အမိန့်ပေးခိုင်းစေခဲ့ခြင်းဖြစ်ပြီး အုပ်ချုပ်ရေးမှူးများကလည်း အိမ်ထောင်စုတစ်ခုစီတိုင်းမှ တစ်ဦးစီးခေါ်ယူကာ သန့်ရှင်းရေး ပြုလုပ်စေခဲ့ပါတယ်။
“သူတို့စစ်တပ်ထဲက ဗိုလ်ကြီး နိုင်ဇော်အောင် ဆိုတဲ့သူ အမိန့်ပေးခိုင်းစေတာတဲ့၊ ကျေးရွာအုပ်ကြီးတွေကို အမိန့်ပေးတော့ သူတို့က တစ်အိမ်ကို တစ်ယောက်နှုန်းနဲ့ သွားပြီး ခြုံရှင်းခဲ့ကြရတာပေါ့ဗျာ” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ် တပ်စွဲထားတဲ့ နမ့်ရှန်တောင်ကနေ စတင်ပြီး တစ်နာရီကြာ လမ်းလျှောက်ရတဲ့ ဒေသခံများရဲ့ လက်ဖက်ခြံအထိ တော၊ ခြုံများကို ရှင်းလင်းခဲ့ကြရကြောင်းလည်း ပြောဆိုကြပါတယ်။
ယခုလိုလုပ်ဆောင်စေခြင်းက အောက်တိုဘာ ၁၃ ရက်နေ့ညက ထိုနေရာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ရည်ရွယ်ချက်ရှိရှိ ဒေသခံပြည်သူများကို ပြုလုပ်စေခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။