အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီက ကချင်ပြည်နယ်ဘက် ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စစ်အင်အား၊ လက်နက်ခဲယမ်းဖြည့်တင်းမှုတွေဆက်တိုက်လုပ်ဆောင်နေသေးတာကြောင့် ကေအိုင်အေနဲ့ နှစ်ဖက်တိုက်ပွဲတွေ မကြာခဏဖြစ်ပွားနေပါတယ်။

စက်တင်ဘာ ၂၆ ရက်နေ့ ညနေ ၃ နာရီ ၂၀ မိနစ်ခန့်တွင် ကသာမြို့ကနေ ကချင်ပြည်နယ်ဘက် ဆန်တက်လာတဲ့ အာဏာသိမ်း စစ်ကောင်စီရဲ့ တင့်ကားတစ်စီးနဲ့ စစ်အင်အား ၉၀ ဝန်းကျင်ပါဝင်တဲ့ သင်္ဘောသုံးစင်းကို ကျောက်တစ်လုံးကျေးရွာအနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF တိုးပူးပေါင်းပြီး လက်နက်ငယ်အပြင် လက်နက်ကြီးဖြင့် ၂ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
စစ်ကောင်စီရဲ့ သင်္ဘောသုံးစင်းကို လက်နက်ကြီးဖြင့် တိုက်ခိုက်အပြီးမှာ ပြန်လည်ဆန်တက်သွားနေတာကြောင့် ကျောက်တစ်လုံးနဲ့ ရွှေဘုံသာကြားတွင် နောက်တစ်ကြိမ်းထပ်မံ ပစ်ခတ်မှု ပြုလုပ်ခဲ့ကြပါတယ်။
ယခင်လတုန်းကလည်း ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်အင်အား၊ လက်နက်ခဲယမ်းများ တင်ဆောင်လာတဲ့ စစ်ကောင်စီ သင်္ဘောကို ကေအိုင်အေတပ်ဖွဲ့မှ ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ကာ သင်္ဘောခေါင်မိုးလှန်သွားတဲ့အထိ ဖြစ်ပွားခဲ့သလို စစ်ကောင်စီ သင်္ဘောများ မကြာခဏတိုက်ခိုက်ခံနေရတာဖြစ်ပါတယ်။
အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စက်တင်ဘာ ၂၇ ရက် ယနေ့ မနက် ၈ နာရီခန့်တွင် စစ်အင်အားတိုးချဲ့ဖို့ လဝါးကျေးရွာ ခွန်ဆိုင်ယန်ကျေးရွာတွင်ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်က အနီးဝန်းကျင်ဘက် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကာ ယမန်နေ့တွင်လည်း ပစ်ခတ်မှုရှိခဲ့တာကြောင့် ဒေသခံပြည်သူအချို့ တိုက်ပွဲပြင်းထန်လာမည်ကို စိုးရိမ်ပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေကြပါတယ်။