ယနေ့ မေလ ၄ ရက် မနက် ၄ နာရီအချိန်ကစတင်ပြီး ကေအိုင်အေ တပ်မဟာ (၅) ဒေသဖြစ်တဲ့ ဆလော်ကုန်းအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်မ (၈၈) အဖွဲ့နဲ့ KIA တပ်မတော်ကြား တိုက်ပွဲ ပြင်းပြင်ထန်ထန်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ်များအနေဖြင့် ကေအိုင်အေနယ်မြေဘက် လက်နက်ကြီးများဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခတ်ခဲ့သလို တိုက်ခိုက်ရေးလေယာဉ်များဖြင့် ဗုံးကြဲခြင်းတွေပြုလုပ်တဲ့အပြင် မြေပြင်ကနေလည်း စစ်အင်အားများစွာဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ယနေ့မှာတော့ ဆလော်ကုန်းအနီးတဝိုက်တွင် ကေအိုင်အေတပ်နဲ့ တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ကာ ထိုနေရာတွင် တိုက်ပွဲပြင်းထန်တာ ၂ ပတ်နီးပါးရှိသွားပြီပဲ ဖြစ်ပါတယ်။
ယမန်နေ့မှာလည်း ကေအိုင်အေ တပ်ရင်း (၂၅) နယ်မြေဖြစ်တဲ့ ဆလော်ကုန်းနဲ့ ပန်စွံ့တပ်စခန်းအနီးတွင် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ကာ ထိုနေရာဘက်ကို ဂျက်တိုက်လေယာဉ် ၂ စီး၊ တိုက်ခိုက်ရေးလေယာဉ် တစ်စီးဖြင့် လာရောက်ပစ်ခတ်စဉ် ကေအိုင်အေဘက်မှ တိုက်ခိုက်ရေးလေယာဉ်ကို ပစ်ချနိုင်ခဲ့သလို လေယာဉ်တွင်ပါရှိတဲ့ လေတပ်သား သုံးဦးစလုံး သေဆုံးခဲ့ရပါတယ်။
ထိုလေယာဉ်ပျက်ကျတဲ့နေရာအနီးဘက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တာကြောင့် စစ်ဘေးရှောင်တွေရှိတဲ့ ကုန်းလောဘုန်ကြီးကျောင်းတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ကျောင်းထိုင်ဘုန်းကြီးတစ်ပါးပျံလွန်တော်မူပြီး ပြည်သူ ၂ ဦးလည်း သေဆုံးခဲ့ရသလို ပြည်သူအများအပြားလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ် ခမရ (၆၀၁) နဲ့ ခမရ (၃၁၉) အဖွဲ့တို့ ယနေ့နေ့တွင် မန်ဂျယ်နဲ့ နာဇရပ်ကျေးရွာအနီးကို ၆၀-မမ ဖြင့် ၁၀ ကြိမ်ပစ်ခတ်ခဲ့ကာ မိုးမောက်မြို့ရှိ အလန့်ကုန်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကလည်း တပ်ရင်း (၂၅) နယ်မြေဘက် ၁၂၂-မမ လက်နက်ကြီးဖြင့် ၁၈ ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။