စစ်ကောင်စီအာဏာသိမ်းပြီးများမကြာမီ စစ်ပွဲများငြိမ်နေတဲ့ ကချင်ပြည်နယ်မှာ မတ်လ ၁၁ ရက်ကစပြီးတိုက်ပွဲများပြန်လည် ပြင်းထန်လာခဲ့ပါတယ်။ သည့်ရှေ့မှာတော့ ရှမ်းပြည်နယ် မြောက်ပိုင်းအချို့ဒေသများ၌သာ ကေအိုင်အေနဲ့ စစ်တပ်အကြား ထိတွေ့တိုက်ပွဲများရှိခဲ့ပါတယ်။ ကေအိုင်အိုဗဟိုကော်မတီမှ အခြေအနေပိုမိုခက်ခဲရှုပ်ထွေးသွားစေရန် ကြံစည်လုပ်ဆောင်မှုများမပြုလုပ်ကြရန်၊ ဖမ်းဆီးထိန်းသိမ်းခြင်းများ ထပ်မံမပြုလုပ်ရန် ဖေဖော်ဝါရီလ (၁၇) ရက်ရက်စွဲဖြင့် သဘောထားထုတ်ပြန်ခဲ့ပါတယ်။ စစ်ကောင်စီတပ်မှ ပြည်သူကိုလက်နက်နဲ့ ခြိမ်းခြောက်ဖြိုခွဲတာတွေဆက်လုပ်နေမယ်ဆိုရင် ကေအိုင်အေအနေနဲ့ ပြည်သူ့တော်လှန်ရေးလှုပ်ရှားမှုမှာတစ်နည်းနည်းနဲ့ ပါဝင်သွားမည့်အကြောင်း ကေအိုင်အိုပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောခဲ့ပါတယ်။
မတ်လ (၁၁) ရက်မှာတော့ ကေအိုင်အေတပ်မဟာ(၉) လက်အောက် ကေအိုင်အေတပ်ရင်း (၂၆) တပ်ဖွဲ့များမှ ဖားကန့်မြို့နယ် ဆယ်ဇင်း နားမှာရှိတဲ့ စစ်ကောင်စီရဲ့ ခလရ (၁၁၉) တပ်စခန်းကိုစတင်တိုက်ခိုက်ခဲ့ပါတယ်။ တရက်ထဲမှာဘဲ စစ်ကောင်စီလေတပ်မှ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုပြီး ကေအိုင်အေတပ်ရင်း (၂၆) ဌာနချုပ်ကို တိုက်ခိုက်လာပါတော့တယ်။

KLN မှရရှိခဲ့သော ကေအိုင်အေစစ်ဌာနချုပ် သတင်းအချက်အလက်မှတ်တမ်းများအရ မတ်လ (၁၁) ရက်မှစ၍ ယနေ့ထိ ကေအိုင်အေ စစ်စခန်းများအပေါ် လေကြောင်းတိုက်ခိုက်ခဲ့သည့်အကြိမ်ပေါင်း (၁၃၁) ကြိမ်ရှိခဲ့ပါပြီ။
မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု (၁၁)ကြိမ်ရှိခဲ့ပါတယ်။ ဖားကန့်မြို့နယ်မှာရှိတဲ့ တောမှော်ရွာ၊ ကေအိုင်အေတပ်မဟာ (၉)ရဲ့လောဒ်ရာစခန်း၊ တပ်ရင်း (၂၆) မိုင်းဆန်ကုန်းစခန်း၊ မိုးညှင်းခရိုင်မှာရှိတဲ့ ကေအိုင်အေတပ်မဟာ(၈) ဆွတ်အိန်တောင်နဲ့ တပ်ရင်း (၅) ဌာနချုပ်၊ မြစ်ကြီးနားမြို့နယ်မှာရှိတဲ့ တပ်ရင်း (၁၁) ဌာနချုပ်၊ တနိုင်းမြို့နယ်မှာရှိတဲ့ တပ်ရင်း (၁၄) ဌာနချုပ်၊ မိုးမောက်မြို့နယ်မှ ပဂါကုန်း တို့ကို လေကြောင်းမှတိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလအတွင်းမှာတော့စစ်ကောင်စီရဲ့ လေကြောင်းစစ်ဆင်တိုက်ခိုက်မှုပိုမိုပြင်းထန်လာပြီး လေကြောင်းတိုက်ခိုက်ခဲ့သည့်အကြိမ်ပေါင်း (၈၀) ကြိမ်ရှိခဲ့ပါတယ်။ မိုးမောက်မြို့နယ်မှာရှိတဲ့ အလောတောင်ဝန်းကျင်၊ ဘွမ်ကျန်ကုန်း၊ ဖွန်လွန်တောင်၊ ဆလောင်းကုန်း၊ ဂျော်မော်တပ်၊ စင်းရူးကုန်း၊ ရှန်တွမ်တောင်ဝန်းကျင်၊ တပ်ရင်း (၁၉) လဇော်တောင် နှင့် တပ်ရင်း(၂၅) ပုံလင်ဝန်းကျင်၊ တနိုင်းမြို့နယ်မှာရှိတဲ့ နမ့်ခမ်ရွာလှေဆိပ်၊ ဖားကန့်မြို့နယ်မှာရှိတဲ့ တန်ဂေါင်တောင်ဝန်းကျင် နှင့် ကေအိုင်အေတပ်မဟာ (၉)ရဲ့လောဒ်ရာစခန်း၊ မိုးညှင်းခရိုင်မှာရှိတဲ့ကေအိုင်အေတပ်မဟာ(၈) ဆွတ်အိန်တောင် တို့ကိုလေကြောင်းမှ တိုက်ခိုက်ခံခဲ့ရပါတယ်။
ဧပြီလအတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အပြင်းထန်ဆုံးနေရာကတော့ ၁၉၈၇ မှာကေအိုင်အေမှ လက်လွတ်ဆုံးရှုံးခဲ့ရပြီး ၂၀၂၁ မတ်လ ၂၅ ရက်မှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တဲ့ အလောတောင်ဝန်းကျင်နေရာမှာဖြစ်ပါတယ်။ ဤတောင်ဝန်းကျင်ကိုလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ အကြိမ်ပေါင်း (၁၇) ကြိမ်ရှိခဲ့ပါပြီ။
တရုတ်ဖက်ခြမ်းမှာရှိတဲ့ ကချင်ဒေသခံများရဲ့အဆိုအရ အလောတောင်ကိုတိုက်ခိုက်ခဲ့တဲ့ မြန်မာတိုက်လေယာဉ်များဟာ တရုတ်နိုင်ငံနယ်နိမိတ်ထဲ ဝင်ပြီး တဖန်ပြည်လည့်ကာ အလောတောင်မှာရှိတဲ့ ကေအိုင်အေတပ်စခန်းတွေကို လေယာဉ်ပစ်ဒုံးများနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဗီဒီယိုမှတ်တမ်းများနဲ့ ပြောကြားထားခဲ့ကြပါတယ်။

မေလ (၁၁) ရက်အထိ မေလအတွင်းလေကြောင်းဗုံးကြဲတိုက်ခိုက်မှု အကြိမ်ပေါင်း (၄၀) ကြိမ်ရှိပါပြီ။ မိုးမောက်မြို့နယ်မှာရှိတဲ့ ဆလောင်းကုန်း၊ အလောတောင်ဝန်းကျင်၊ အူရာတောင်ဝန်းကျင်၊ ဂျော်မော်တပ်၊ တပ်ရင်း(၃၀) စခန်းဝန်းကျင်၊ တပ်ရင်း(၂၅) ပုံလင်ဝန်းကျင် နှင့်မန်စီမြို့နယ်မှာရှိတဲ့ မဒန်ယန်ဝန်းကျင်တို့ကို မေလအတွင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ဧပြီလ (၂၄) ရက်မှစပြီး နှစ်ပတ်ကျော်အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ နေရာကတော့ မြို့သစ် အရှေ့ဖက် ၁.၂ ကီလိုမီတာ အကွာလောက်မှာရှိတဲ့ ဆလောင်းကုန်းဝန်းကျင်မှာဖြစ်ပါတယ်။ တိုက်လေယာဉ်နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်များ အသုံးပြုပြီးတိုက်ခိုက်ခဲ့တဲ့အကြိမ်ပေါင်း (၆၃) ကြိမ်ရှိခဲ့ပါတယ်။
မေလ (၃)၇က်နေ့ မှာတော့ ကေအိုင်အေတပ်ဖွဲ့ဝင်များမှ ရုရှားလုပ် အမ်အိုင်-၂၄ဗီ (၃၅ပီ) ဟုယူဆရသော တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီးကို ဆလောင်းကုန်းမှာ ပစ်ချနိုင်ခဲ့ပါတယ်။
စစ်ကောင်စီ တိုက်လေယာဉ်များဟာ ကေအိုင်အေတပ်စခန်းများနဲ့ စစ်ဘက်ဆိုင်ရာပစ်မှတ်များသာမက အရပ်ဘက်ပစ်မှတ်တွေဖြစ်တဲ့ လူနေအိမ်များ၊ လယ်ခင်း စိုက်ခင်းများထဲ ဗုံးကြဲခဲ့တဲ့ အဖြစ်အပျက်များရှိခဲ့ပါတယ်။

မေလ (၅) ရက် နေ့ခင်း (၁)နာရီ လောက်မှာ မိုးညှင်းခရိုင် မြို့လှမြို့နယ် ဒါဝယ်ကျေးရွာရှိ အိမ်ဝင်း တစ်ဝင်းထဲ တိုက်လေယာဉ်မှဗုံးကြဲချခဲ့ပါတယ်။ နေအိမ်အရှေ့မှာ ဗုံးကျခဲ့တာမို့ အိမ်သားများရဲ့အသက်သီသီလေးလွတ် ခဲ့ရတာဖြစ်ပါတယ်။ ဆလောင်းကုန်းဝန်းကျင်မှာလေကြောင်းတိုက်ခိုက်ခဲ့စဉ်လည်း စီဟက်ရွာမှ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကြားသိရပါတယ်။

အလောတောင်ဝန်းကျင်နှင့် အခြားနေရာများ၌ ဤလာမဲ့ရက်များမှာ လေကြောင်းမှတိုက်ခိုက်မှု တွေဆက်ရှိနေမယ်လို့ ခန့်မှန်းရပါတယ်။ အိမ်နီးချင်းနိုင်ငံများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ဤသို့နေ့စဉ်ရက်ဆက် အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခြင်းအပေါ် အလေးအနက်ထား ဝေဖန်ကန့်ကွက်တာ မတွေ့ရသေးပါ။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှ မိမိတို့ တပ်အားသရွေ့လေကြောင်းတိုက်ခိုက်မှုဒဏ်ကို နည်းအမျိုးမျိုးဖြင့်ကြံကြံခံကာ နေရတဲ့အခြေအနေမှာရှိပါတယ်။ မိမိတို့ရဲ့ ယုံကြည်ချက်၊ အနာဂတ်အတွက်မျှော်လင့်ချက်များနဲ့ ဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်နေကြတာကိုလည်းတွေ့ရပါတယ်။