ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၂၃ ခုနှစ်။
ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာရှိ လီဆူရပ်ကွက်တွင် ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်း ၄ နာရီခွဲတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး ၁၀ နှစ်ဝန်းကျင်အရွယ် ကလေးငယ် ၃ ဦး ထိခိုက်ဒဏ်ရာ ကြီးမားစွာရရှိခဲ့ကြောင်း သိရပါတယ်။
အဆိုပါမိုင်းက အကြမ်းဖက် စစ်ကောင်စီတပ် လက်အောက်ခံ ဝူယန်ပြည်သူ့စစ်အဖွဲ့ မှ ထောင်ထားတဲ့ မိုင်းဖြစ်ပြီး ကလေးငယ်များ ဆော့ကစားမိရာမှ ပေါက်ကွဲလာခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူများထဲတွင် အသက် ၉ နှစ်အရွယ် ခေါဆီ က ဘယ်လက်ပြတ်ထွက်ကာ ညာလက် အရိုးပေါ်တဲ့အထိ ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရသလို အသက် ၈ နှစ်အရွယ် အာလူဒီ ကတော့ ခြေထောက်တွင် ဒဏ်ရာရရှိကာ ဘရာဆာ အသက် ၈ နှစ်အရွယ်ကလေးကတော့ ခန္ဓာကိုယ်ပေါ်ထိခိုက်မှု ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရပါတယ်။
ပြည်သူ့စစ်အဖွဲ့များက ဒေသခံပြည်သူများ ဖြတ်သန်းသွားလာတဲ့နေရာများတွင် မြေမြုပ်မိုင်းများ လက်လွတ်စပယ်မြုပ်နှံထားခြင်းကြောင့် ကလေးသူငယ်များ အမှတ်မထင် ဆော့ကစားမိရာကနေ ယခုလို ပေါက်ကွဲမှုတွေနဲ့ ကြုံတွေ့ခဲ့ရကာ ကလေးမိခင်များကို အပြစ်ဖို့လေ့ရှိတာကြောင့် လက်ရှိတွင် ဒေသခံပြည်သူများနဲ့ ဝူယန်ပြည်သူ့စစ်အဖွဲ့ကြား တင်းမာမှုတွေ ရှိလာနေပါတယ်။
အဆိုပါ ဝူယန်ပြည်သူ့စစ်အဖွဲ့က အကြမ်းဖက် စစ်ကောင်စီတပ် အဓမ္မအာဏာသိမ်းပြီးနောက် ဒေသခံပြည်သူများနဲ့ ဆွေးနွေးတိုင်ပင်ခြင်းမရှိပဲ ဝူယန်ကျေးရွာတွင် ဂိတ်ဖွင့်လှစ်ကာ ခရီးသွားပြည်သူများထံမှ အတင်းအကျပ်ငွေကြေးကောက်ခံနေတဲ့ စစ်ကောင်စီလက်အောက်ခံ အဖွဲ့တစ်ခုဖြစ်ပါတယ်။