မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသ ချောင်းဝကျေးရွာတွင် တပ်စခန်းချနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ချောင်းဝပြည်သူ့စစ်အဖွဲ့ကို ဧပြီ ၂၈ ရက်နေ့ မနက် ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၉) တပ်ရင်း (၂၆)နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF) ပူးပေါင်းတပ်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ဒေါက်တိုင်အဖြစ် တာဝန်ထမ်းဆောင်ကာ တပ်စွဲနေရာယူနေတဲ့ ပြည်သူ့စစ်တပ်ကို KIA, KPDF ပူးပေါင်းအဖွဲ့မှ လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်ပြီး အဆိုပါတပ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။
တိုက်ပွဲဖြစ်ပွားမှု ရှိခဲ့တာကြောင့် မနက် ၅ နာရီခွဲခန့်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ကံဆီးဗျူဟာကုန်းနဲ့ တန်ကောင်တောင် တပ်စခန်းမှ ၁၀၅-မမ ခန့်မှန်းရတဲ့ လက်နက်ကြီးဖြင့် ၆ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီးဖြင့် ဝင်ရောက်ပစ်ခတ်စဉ် ချောင်းဝ ပြည်သူ့စစ်အဖွဲ့က ထွက်ပြေးသွားခဲ့ကာ လက်ရှိမှာတော့ လုံးတုံ ပြည်သူ့စစ်တပ်စခန်းတွင် တိမ်းရှောင်သွားခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာစစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်တပ် လက်အောက်ခံ ရဲစခန်းနဲ့ ပြည်သူ့စစ်အဖွဲ့က အကြမ်းဖက် စစ်ကောင်စီတပ်အတွက် ဒေါက်တိုင်အဖြစ် လုပ်ဆောင် အားဖြည့်နေတာကြောင့် ယခုလို တိုက်ခိုက်ခံရတာဖြစ်ကြောင်း သိရပါတယ်။