တနိုင်း-လီဒိုလမ်းမ၊ ဒွန်ဘုံးကျေးရွာအနီး လယ်ကွင်းတစ်နေရာတွင် စစ်ရေးလှုပ်ရှားမှုပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ (၈၆) တပ်မှ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နေ့လည် ၁၁ နာရီခွဲခန့်တွင် အနီးဝန်းကျင်ဘက် လက်နက်ကြီး ပစ်ခတ်လိုက်ချိန် ဒေသခံ အသက် ၃ နှစ်အရွယ် ကလေးတစ်ဦးနဲ့ အမျိုးသမီးနှစ်ဦး ကျည်အပိုင်းအစထိမှန်ပြီး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်အင်အား (၄၀) ဝန်းကျင်ရှိတဲ့ အဆိုပါစစ်ကောင်စီ စစ်ကြောင်းက မနက်ပိုင်းကစတင်ပြီး နာ့ဂျက်လယ်ကွင်းဘက် စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကြောင်းဖြစ်ကာ ဒေသခံ အင်ဒိန်တန်ရဲ့ လယ်ကွင်းကနေ ၆၀-မမ လို့ ယူဆရတဲ့ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်လိုက်ချိန် သစ်သီးခြံတစ်ခုတွင် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်နဲ့ မိခင်တို့ နှစ်ဦးအပြင် အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ အသက် ၃ နှစ်အရွယ် အင်ဘာပန်ထွယ်က လည်ပင်းတွင် ကျည်စထိမှန်ခဲ့ကာ မိခင်ဖြစ်သူ အင်ခွန်ခါးတောမ်ကတော့ ခြေတလုံးတွင် ထိခိုက်ခဲ့ပြီး အသက် ၂၉ နှစ်အရွယ် အေးခိုင်ကတော့ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရှိရပါတယ်။
စစ်ကောင်စီ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် အပိုင်းအစထိမှန်သူများက သစ်သီးခြံစောင့်ပေးသူနဲ့ သစ်သီးလာရောက်ဝယ်ယူသူတို့ဖြစ်ကြကာ ထိခိုက်ဒဏ်ရာ မပြင်းထန်ခြင်းကြောင့် နေအိမ်တွင်သာ ဆေးကုသမှု ခံယူနေကြောင်းလည်း သိရပါတယ်။