မုံးကိုးဒေသတွင် တိုက်ပွဲများ ခပ်စိတ်စိတ်ဖြစ်ပွါးလာမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုများနဲ့ စစ်ရှောင်နေရခြင်းများ တစ်နေ့ထက်တစ်နေ့ ပိုမိုများပြားလာကြောင်း သိရှိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် မုံးကိုးမြို့တဝိုက်ရှိ ကျေးရွာများအနီးတွင် အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ ကိုးကန့်တပ်မတော်၊ တပ်ပေါင်းစုများမကြာခဏ တိုက်ပွဲများ ဖြစ်ပွါးလေ့ရှိနေတာပါ။ ထိုသို့တိုက်ပွဲများ ဖြစ်ပွါးမှုများကြောင့် ပြည်သူများရဲ့ နေအိမ်များဘက် လက်နက်ကြီးများ ထိမှန်ခြင်း၊ ပြည်သူများမှ မြေမြုပ်မိုင်းများ နင်းမိခြင်းများ ဖြစ်ပေါ်နေပါတယ်။
စက်တင်ဘာ ၃၀ရက်နေ့တွင်လည်း ဖောင်းဆိုင် ကျေးရွာမှ ပြည်သူတစ်ဦး စစ်ကောင်စီတပ်များ မြုပ်နှံထားတဲ့ မိုင်းကို နင်းမိပြီး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။
ထို့အပြင် စက်တင်ဘာ ၂၇ရက်တွင် မုံးကိုးမြို့နယ် ပဝါန်းကျေးရွာအုပ်စု မန်ခါးကျေးရွာရှိ နေအိမ်တစ်လုံး လက်နက်ကြီး ထိမှန်သဖြင့် အမျိုးသမီး တစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဒဏ်ရာ ပြင်းထန်လွန်းတာကြောင့် အဆိုပါ ကလေးငယ်မှာ ၂၈ရက်နေ့တွင် သေဆုံးသွားခဲ့ရပါတယ်။
ယခုအခါ မုံးကိုးမြို့အနီးရှိ ရွာပေါင်း (၆)ရွာမှ စစ်ရှောင်နေရသော ပြည်သူများ (၂၄၄)ယောက် ရှိနေပြီဖြစ်ပြီး အဆိုပါ စစ်ရှောင်များတွင် အသက် ၁၀နှစ် အောက် ကလေးငယ် (၃၄) ယောက်နဲ့ အသက် ၆၀အထက် သက်ကြီး ရွယ်အို (၁၅) ဦး ပါဝင်နေကြောင်းလည်း သိရှိရပါတယ်။
လက်ရှိအချိန်တွင် မုံးကိုးဒေသတွင် တရုတ်နယ်စပ်နဲ့ မုံးကိုးမြို့ပေါ် စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ နီးပါးရှိလာပြီဖြစ်ကာ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး သေဆုံးသွားခဲ့ရတဲ့ ပြည်သူကလည်း ၁၀ ဦးထက်မနည်း ရှိနေပြီဖြစ်ပါတယ်။