ကချင်ပြည်နယ် ဗန်းမော်ခရိုင် ရွှေကူမြို့နယ် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်လက်နက် ခဲယမ်းနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ နှစ်ထပ်သင်္ဘောရေယာဉ် နှစ်စီးကို ယနေ့ မေလ ၁၆ ရက်နေ့ မနက် ၇ နာရီအချိန်တွင် မြလဲတဝိုက်တွင် ကေအိုင်အေ တပ်ဖွဲ့မှ စောင့်ကြိုပြီး ပခုံးထမ်းလောင်ချောင်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်များ နှစ်ထပ်ရေယာဉ်ဖြင့် ရွှေကူမြို့ကနေ ဗန်းမော်မြို့ဘက် ဆန်တက်လာတာဖြစ်ပြီး သင်္ဘောပေါ်တွင် စစ်တပ်ရဲ့ စစ်လက်နက်တွေ၊ ခဲယမ်းများစွာအပြင် ရိက္ခာပစ္စည်းများလည်း ပါရှိတာဖြစ်ပြီး တိုက်ခိုက်မှုဖြစ်ပေါ်လာချိန် စစ်ကောင်စီဘက်မှလည်း လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်မှုတွေရှိခဲ့ပေမယ့် ထိခိုက်မှုမရှိခဲ့ကြောင်း သိရပါတယ်။
လွန်ခဲ့သောအပတ်တွင်လည်း ယခုလို စစ်ကောင်စီတပ်များဖြင့် စစ်လက်နက်အင်အားတိုးချဲ့ဖို့ နှစ်ကြိမ်တိုင် သင်္ဘောဖြင့်လာရောက်စဉ် ကေအိုင်အေတပ်ဘက်မှ ကြားဖြတ်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ယမန်နေ့ မေလ ၁၅ ရက် ညနေ ၂ နာရီအချိန်တွင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ရှိ တပ်ရင်း (၈)နယ်မြေ နမ့်ပါချီကျေးရွာတွင် တပ်ရင်း (၃၉) နဲ့ စစ်ကောင်စီတပ်ကြားတိုက်ပွဲဖြစ်ပွားခဲ့ကာ ကေအိုင်အေ တပ်မဟာ (၁၀) တပ်ရင်း (၁၇) နယ်မြေတွင်လည်း ကိုးကန့်တပ် ၂၁၁ (MNDAA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကြား နောင်ခီနဲ့ ကောင်ခမ်းကြားတွင် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။