ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း (၅) တည်ရှိရာနယ်မြေတွင် အာဏာသိမ်းစစ်ကောင်စီတပ်ရဲ့ နှစ်ထပ်သင်္ဘောဆန်တက်လာစဉ် ကျောက်ကြီးအနီး သစ်ဆိပ်တွင် ဩဂုတ်လ ၁၁ ရက် ညနေ ၃ နာရီခွဲက ကေအိုင်အေတပ်ဘက်မှ ၁၀၇-မမ လက်နက်ကြီးဖြင့် ကြားဖြတ်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

ကသာမြို့ကနေ ရွှေကူမြို့ဘက်ကို ဆန်တက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သင်္ဘောတွင် စစ်အင်အား၊ လက်နက်ခဲယမ်းများကို တင်ဆောင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ကချင်ပြည်နယ်ဘက်စစ်အင်အားတိုးချဲ့ဖို့ဖြစ်တာကြောင့် ကေအိုင်အေဘက်မှ တိုက်ခိုက်ရခြင်းဖြစ်ကြောင်း သိရပါတယ်။
ကေအိုင်အေမှ အဆိုပါသင်္ဘောကို ကြားဖြတ်တိုက်ခိုက်လိုက်တာကြောင့် စစ်ကောင်စီရဲ့ နှစ်ထပ်သင်္ဘော အောက်ပိုင်းထိခိုက်မှုရှိခဲ့ကာ အာဏာသိမ်းစစ်တပ်အဖွဲ့က ဘေးပတ်ဝန်းကျင်ဘက် လက်နက်ကြီးလက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေခဲ့ကြောင်း သိရပါတယ်။
အာဏာသိမ်းစစ်ကောင်စီတပ်များက ကချင်ပြည်နယ်ဘက်ကို ခြေလျင်၊ စစ်ယာဉ်အပြင် သင်္ဘောများဖြင့်ပါ စစ်အင်အားတိုးချဲ့မှုတွေ စစ်ရေးလှုပ်ရှားမှုတွေကို တိုးပြီးလုပ်ဆောင်လာတို့ စစ်အင်အား လက်နက်ခဲယမ်းဖြည့်တင်းမှုတွေကလည်း အစဉ်အမြဲရှိနေတာကြောင့် ကေအိုင်အေတပ်နဲ့ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာဖြစ်ပြီး ဇူလိုင် ၂၆ ရက်နေ့တွင်လည်း ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောသုံးစင်းကို KIA မှ ကြားဖြတ်တိုက်ခိုက်မှုတွေလည်း ရှိခဲ့ပါတယ်။