စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေနဲ့ PDFပူးပေါင်းအဖွဲ့ မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အင်းတော်မြို့နယ်၊ ပင်ဝယ်ကျေးရွာအနီး ယနေ့ ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၈ နာရီခွဲခန့်တွင် စစ်ရေးလှုပ်ရှားမှု ပြုလုပ်လာတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၈) တပ်ရင်း ၃၅ မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ ၅၇ စီးပါ စစ်ယာဉ်တန်းက စစ်အင်အား၊ လက်နက်ခဲယမ်းများနဲ့ ရိက္ခာအပြည့်ဖြင့် ကချင်ပြည်နယ်ဘက် တပ်အင်အားဖြည့်တင်းလာခြင်းဖြစ်တာကြောင့် ကေအိုင်အေတပ်မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ ယာဉ် ၂ စီးပျက်စီးသွားခဲ့ကြောင်း ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။

ကြားဖြတ်တိုက်ခိုက်ခံရအပြီး ဆက်လက်ထွက်ခွာလာတဲ့ အဆိုပါစစ်ယာဉ်တန်းကို မော်လူးနဲ့ မော်ဟန်ကြားတွင် ဒေသပြည်သူ့ကာကွယ်ရေးတပ် PDF မှ ထပ်မံကြားဖြတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။

ထပ်မံတိုက်ခိုက်ခံရအပြီး ညနေပိုင်း ၂ နာရီခွဲလောက်မှာတော့ ယာဉ်တန်းများမှဆင်းကာ ခြေလျင်ခရီးဖြင့် ပြန်လည်ထွက်ခွာလာတဲ့ စစ်ကြောင်းကို ညောင်ကုန်းအရောက်မှာတော့ ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့မှ မိုင်းဖြင့် နောက်တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရပါတယ်။

၅၇ စီးပါ အကြမ်းဖက် စစ်ကောင်စီယာဉ်တန်းထဲမှ ၃၂ စီးက လက်ရှိတွင် မိုးညှင်းမြို့ဘက် ရောက်ရှိနေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Leave a Reply

*