စစ်ကောင်စီဒေါက်တိုင် ပြည်သူ့စစ်အဖွဲ့ကို ကေအိုင်အေ ဝင်စီးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်း

တနိုင်း-လီဒိုလမ်းမပေါ်ရှိ ကျေးရွာတစ်ခုဖြစ်တဲ့ ရှထုဇွပ်ကျေးရွာအနီး မလိဇွပ်တွင် ယနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်ကနေ ၁၂ နာရီအထိ ကချင်လွတ်လပ်ရေးတပ်မတော် တပ်မဟာ (၂) တပ်ရင်း ၁၄ နဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီအတွက် အထောက်အကူပြုနေတဲ့ ရှထုဇွပ်အခြေစိုက်တဲ့ ပြည်သူ့စစ်က ကေအိုင်အေနယ်မြေဘက် တိုးချဲ့နေရာယူ တပ်စွဲမှုတွေ ပြုလုပ်လာခြင်းကြောင့် ကေအိုင်အေတပ်မှ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားအပြီး ပြည်သူ့စစ်အဖွဲ့ရဲ့ စစ်လက်နက်၊ ကျည်၊ မော်တော်ယဉ်တစ်စီး၊ ရုရှ ထုတ် RPG လောင်ချာတစ်ခု၊ M-79 MM တို့ကို ကေအိုင်အေတပ်မှ သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း သိရပါတယ်။

ခရစ္စမတ်အကြိုနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့တုန်းကလည်း ဆားမှော်ကျေးရွာ၊ ကညင်မြိုင်ရှိ စစ်ကောင်စီတပ် ခမရ ၃၈၃နဲ့ ၃၈၄ တပ်စခန်းနှစ်ခုကို ကေအိုင်အေတပ်မှ ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းများကို သိမ်းဆည်းကာ တပ်စခန်းများကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

Leave a Reply

*